ကွန်ဟိန်းကနေ တာချီလိတ်သို့ ပို့ဆောင်မည့် ကျပ်(၅.၇) ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ကျိုင်းတုံမြို့တွင် ဖမ်းဆီးရမိ

ကွန်ဟိန်းကနေ တာချီလိတ်သို့ ပို့ဆောင်မည့် ကျပ်(၅.၇) ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ကျိုင်းတုံမြို့တွင် ဖမ်းဆီးရမိ

 ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း ကွန်ဟိန်းမြို့ကနေ သယ်ဆောင်လာပြီး တာချီလိတ်မြို့သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများကို ကျိုင်းတုံမြို့တွင် ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

၂၀၂၄ခုနှစ် ဇွန်လ(၈)ရက်နေ့၏ မွန်းလွှဲပိုင်းအချိန်က ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ ကျိုင်းတုံမြို့နယ်အပိုင်း ကျိုင်းတုံ - တာချီလိတ် သွား ကားလမ်း  နှင့် မြို့ရှောင်လမ်းဆုံတွင် ကျိုင်းတုံကနေ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် TOYOTA HILUX အမျိုးအစား မော်တော်ယာဉ်အား ပူးပေါင်းအဖွဲ့က စစ်ဆေးရန် ရပ်တန့်ခိုင်းရာ အဆိုပါ ယာဉ်မှာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသည့်အတွက် လိုက်လံဖမ်းဆီးရကြောင်း မူးယစ်ရဲတပ်ဖွဲ့က ယနေ့ ဇွန်လ(၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပူးပေါင်းအဖွဲ့က လိုက်လံ ဖမ်းဆီးသည့်အတွက် TOYOTA HILUX ယာဉ်မှာ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စုအတွင်း ဂျိုးဖြူကျေးရွာလမ်းဆုံအနီးရှိ လမ်းဘေးရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်သွားကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်သွားမှုကြောင့် ယာဉ်ပေါ်တွင် ပါရှိသည့် မျိုးကို(ခ)မျိုးကြီး ဆိုသူကို ဖမ်းမိလိုက်သော်လည်း ယာဉ်မောင်းဖြစ်သည့် ရဲကြီး ဆိုသူမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

ဆက်လက်၍ ပူးပေါင်းအဖွဲ့က တိမ်းမှောက်သွားသည့် ယာဉ်အတွင်း ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာ ယာဉ်ပေါ်ကနေ ကာလတန်ဖိုးငွေ ကျပ် (၅.၇)ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို (၅၀၀) နှင့် ကက်တမင်း ကီလို(၂၀၀)တို့ကို တွေ့ရှိ သိမ်းဆည်းရရှိကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး ဆေးဝါးများကို တင်ဆောင်လာသည့် TOYOTA HILUX ယာဉ်၏ ပိုင်ရှင်မှာ ကျိုင်းတုံမြို့ ရပ်ကွက်(၃)နေ ထက်ကြည်စိုး ဆိုသူဖြစ်ကြောင်း သိရ၍ ၎င်းအား ဆက်လက် ဖမ်းဆီးပြီး စစ်ဆေးမှုများ ပြုလုပ်ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် မျိုးကို(ခ)မျိုးကြီး  နှင့် ထက်ကြည်စိုး ဆိုသူ (၂)ဦး၏ လတ်တလော ထွက်ဆိုချက်များအရ အဆိုပါ မူးယစ်ဆေးဝါးများကို ကွန်ဟိန်းမြို့ကနေ NISSAN DIESEL အမျိုးအစား (၁၀)ဘီး ယာဉ်ဖြင့် သယ်ဆောင်လာပြီးနောက် ကျိုင်းတုံအရောက်တွင် TOYOTA HILUX ယာဉ်ဖြင့် ပြောင်းလဲ တင်ဆောင်ပြီး တာချီလိတ်မြို့သို့ ဆက်လက်သယ်ဆောင်သွားရန် ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟု သိရသည်။

မူးယစ်ရဲတပ်ဖွဲ့က ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေးအတွက် ဆက်လက်စစ်ဆေး ဖော်ထုတ်လျှက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။