စစ်ကိုင်းတိုင်း စစ်ကိုင်းခရိုင် မြင်းမူနှင့် မြောင်မြို့နယ်ရှိ စစ်တပ်နှင့်ပျူစောထီးတို့ အခြေချတပ်စွဲထားသည့် စစ်ကောင်စီဂိတ်စခန်းများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း စစ်ကိုင်းခရိုင် ဒရုန်းတပ်ရင်း - SDDF မှ ၂၀၂၄ခုနှစ် ဇွန်လ (၁၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
စစ်ကိုင်းခရိုင် မြောင်မြို့နယ် မြောင်လမ်းခွဲ၌ အခြေချတပ်စွဲထားသည့် ဘိုးမင်းကြီးဂိတ်စခန်းအား ဇွန်လ (၉) ရက်နေ့ ညနေသုံးနာရီခွဲမှစတင်ပြီး လေးနာရီခွဲခန့်အထိ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ Shar Htoo WAW နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone ဖြင့် 1.5kg AIR BOMB (၆)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ကိုင်းခရိုင် မြင်းမူမြို့နယ် အလ္လကပ္ပရွာအရှ့ဘက်ရှိ စစ်တပ်၊ရဲနှင့် ပျူစောထီးများ အခြေချနေထိုင်သည့် စစ်ကောင်စီဂိတ်စခန်းအား ဇွန်လ (၉) ရက်နေ့ ညနေ ငါးနာရီမှ ငါးနာရီခွဲအချိန်ခန့်အတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ Shar Htoo WAW နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone ဖြင့် 1.5kg AIR BOMB (၄)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြင်းထန်ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း စစ်ကိုင်းခရိုင် ဒရုန်းတပ်ရင်း-SDDF က ဆိုသည်။
တိုက်ခိုက်မှုများကို စစ်ကိုင်းခရိုင် ဒရုန်းတပ်ရင်း-SDDF နှင့်အတူ စစ်ကိုင်းခရိုင် အမှတ်(၄)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်း၊ မြင်းမူ ပကဖ ၊ URBAN HUNTER FORCE(UHF)၊ လျှပ်တပြတ် စွန်ညို၊ Meikhtila Special defence Force နှင့် Black Eagle တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency