ကသာမြို့အထွက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များတိုက်ပွဲဖြစ်ပြီး ဒေသခံများတိမ်းရှောင်ရ

ကသာမြို့အထွက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များတိုက်ပွဲဖြစ်ပြီး ဒေသခံများတိမ်းရှောင်ရ

စစ်ကိုင်းတိုင်း ကသာမြို့အထွက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပြီး ဒေသခံများလည်း တိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။

ကသာမြို့အထွက် အောင်ပုံရွာ၊ နတ်ရေတွင်းရွာဘက်ရှိ ကသာ-နဘားလမ်းဘက်တို့တွင် ဖေဖော်ဝါရီလ (၁၃)ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံများ ကသာမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြကာ ယနေ့တွင် ထပ်မံတိုက်ပွဲဖြစ်သည်ဟု သိရသည်။

“ကသာမြို့အထွက် အောင်ပုံရွာ၊ နတ်ရေတွင်းရွာဘက် ကသာ-နဘားလမ်းပိုင်းမှာ အခုရက်ပိုင်း တိုက်ပွဲသံကြားရတယ်။ ဒီနေ့ မနက် (၆) နာရီကနေ (၉)နာရီလောက်အထိ လက်နက်ကြီးပစ်သံ လက်နက်ငယ်သံတွေ ဆက်တိုက်ကြားရတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ (၁၁)ရက်နေ့ ညနေ (၆)နာရီဝန်းကျင်တွင် ကသာမြို့သို့ လေယာဉ်ပျံဝဲသွားပြီး ဖေဖော်ဝါရီလ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် ကသာ-နဘားလမ်းပိုင်း၌ တိုက်ပွဲဖြစ်သည်ဟု သိရသည်။

လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကြောင့် ကသာမြို့နေပြည်သူများ စိုးရိမ်နေပြီး ဖေဖော်ဝါရီလ (၁၃)ရက်နေ့က အောင်ပုံရွာတစ်ကြော တိုက်ပွဲဖြစ်နေခြင်းကြောင့် ဒေသခံများ ကသာမြို့ပေါ်သို့ သုံးဘီးများနှင့် စစ်ရှောင်လာကြသည်ဟု သိရသည်၊

“ကသာအထွက် နဘား-ကသာလမ်း အင်းတော်ဘက်လမ်းတလျောက် အောင်ပုံ၊ နတ်ရေတွင်း၊ ပင်မလွတ်၊ ကမ်းနီးရွာတွေမှာ အခုရက်ပိုင်းတွေ စစ်ရေးသတိနဲ့နေထိုင်နေရတယ်။”ဟု ဒေသခံတစ်ဦးက Tachielik News Agency ကိုပြောသည်။

ဖေဖော်ဝါရီလ (၁၄)ရက်နေ့ နံနက် (၅)နာရီခွဲတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး ဖေဖော်ဝါရီလ (၁၈)ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ရှိသည့် ကသာမြို့ပေါ်မှနေ၍ လက်နက်ကြီးပစ်ခတ်သံများကြားရသည်ဟု သိရသည်။

ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် ကသာမြို့အထက် ဟဲနားရွာ(လမ်းဆုံ)ကို စစ်ကောင်စီတပ်က နေ့လယ်ပိုင်းတွင် ဗုံး(၄)လုံး ကြဲချတိုက်ခိုက်ရာ အမျိုးသမီး (၄)ဦးနှင့် ကလေးတစ်ဦး ဒဏ်ရာရသည်ဟု သိရသည်။

#TachileikNewsAgency