မြန်မာနိုင်ငံအား လူသားချင်းစာနာထောက်ထားမှုပံ့ပိုးပေးရေး ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနှင့် NUG တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံအား လူသားချင်းစာနာထောက်ထားမှုပံ့ပိုးပေးရေး ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနှင့် NUG တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေး၊ စစ်ဘေးရှောင်ပြည်သူများအား ပံ့ပိုးကူညီနိုင်ရေးနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထူထောင်နိုင်ရေးတို့ အပါအဝင် ဩစတြေးလျနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များနှင့်စပ်လျဉ်း၍ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှ ၂၀၂၄ခုနှစ် ဇွန်လ (၆) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အရေးပါသည့် သံတမန်ရေးရာ ဆောင်ရွက်ချက်တစ်ရပ်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး H.E. the Hon Penny Wong နှင့် ၂၀၂၄ ခုနှစ် ဇွန်လ ၄ ရက်နေ့က ကင်ဘာရာမြို့တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများကို အဓိကဆွေးနွေးနွေးခဲ့ကြပြီး၊ မြန်မာပြည်သူများအတွက် ဩစတြေးနိုင်ငံအနေဖြင့် ကူညီပံ့ပိုးပေးမည့် လမ်းကြောင်းများကို ဆွေးနွေးရှာဖွေခဲ့ကြကြောင်း သိရသည်။ 

ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် နိုင်ငံသားများ ရင်ဆိုင်ကြုံတွေ့နေရသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးကိစ္စရပ်များတွင် စိန်ခေါ်မှုများကို မီးမောင်းထိုးပြကာ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းနှင့်ပတ်သက်၍ ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းနိုင်ရန်၊ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအုပ်ချုပ်မှုကို ဖော်ဆောင်မြှင့်တင်နိုင်ရန်တို့အတွက် နိုင်ငံတကာအကူအညီများအား အရေးတကြီး လိုအပ်လျက်ရှိကြောင်းကို အလေးထား ပြောကြားခဲ့ကြောင်း NUGမှဆိုသည်။

NUG ၏ သံတမန်ရေးရာဆောင်ရွက်ချက်တစ်ရပ်အနေဖြင့် ပြီးခဲ့သည့် မေလ (၂၃) ရက်နေ့ကလည်း NUG လူ့အခွင့်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နှင့် ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးတို့သည် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာန၊ လွှတ်တော်အတွင်းဝန် Mr.Hon.Rob Oliphant တို့နှင့် ကနေဒါနိုင်ငံ အော်တိုဝါမြို့တွင် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအား လူသားချင်းစာနာထောက်ထားမှု ပံပိုးပေးရေးနှင့်ပက်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency