သိမ်ဇရပ်အမြောက်တပ်က ကျေးရွာများကို လက်နက်ကြီးနှင့် ပစ်ခတ်နေသဖြင့် ဒေသခံ ၃၀၀ ကျော်ရွာလုံးကျွတ်ပြေးရ

သိမ်ဇရပ်အမြောက်တပ်က ကျေးရွာများကို လက်နက်ကြီးနှင့် ပစ်ခတ်နေသဖြင့် ဒေသခံ ၃၀၀ ကျော်ရွာလုံးကျွတ်ပြေးရ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ စစ်ကောင်စီတပ် ခမရ(၂၀၇)တပ်ရင်းနှင့် အမြောက်တပ်ရင်းတို့က ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၂)ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာများအတွင်းသို့ လက်နက်ကြီးပစ်ခတ်နေသဖြင့် ရွာ(၄)ရွာမှ ‌ဒေသခံ(၃၀၀)ကျော် ထွက်ပြေးရကြောင်း ဒေသခံများထံမှ သိရသည်။

"တော်လှန်ရေးတပ်တွေက သွားပစ်လို့ ရွာတွေထဲကို စစ်ကောင်စီတပ်က (၆၀)မမ၊ (၁၂၀)မမတွေနဲ့ပစ်နေတာ။ နေအိမ်‌တွေပျက်စီးတာရှိတယ်။ လူအထိအခိုက်တော့ မသိရသေးဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်သည် အခိုင်ရွာ၊ စစ်ကွင်းရွာ၊ မုက္ခမော့ရွာ၊ ခရွဲရွာတို့ကို လက်နက်ကြီးနှင့် ပစ်ခတ်နေသည်မှာ အလုံး(၃၀)အထက် ရှိနေပြီဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ သိမ်ဇရပ်တပ်ကိုသွားဆော်လို့ သူတို့ဘက်က ပြန်ပစ်နေတာ။ ကျေးရွာတွေထဲကိုပေါ့။ အခုချိန်ထိပစ်နေတုန်းပဲ။ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။ ရန်သူဘက်က ထိခိုက်သေဆုံးမှု စုံစမ်းပြီးပြန်ပြောပါမယ်။"ဟု ဝေါပကဖမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ခမရ(၂၀၇) တပ်နှင့် အမြောက်တပ်ရင်းတို့အား ယနေ့ ၂၀၂၄ခုနှစ် နံနက်(၇)နာရီခွဲတွင် KNLA ဦးဆောင်ကာ ဝေါ(ပကဖ)၊ သနပ်ပင်(ပကဖ)၊အင်းတကော်(ပကဖ)နှင့် Project Home(ရန်ကုန်)အဖွဲ့တို့ပူးပေါင်း၍ (၆၀)မမ၊ M-79၊ ခွင်းဗုံးနှင့် လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ(၁၉)ရက်နေ့ကလည်း သိမ်ဇရပ်အမြောက်တပ်ရှေ့ရှိ ကာကင်းစခန်း(ကုက္ကိုလ်ပင်ဂိတ်)အား KNLA၊ ဝေါ(ပကဖ)၊ အင်းတကော် (ပကဖ)နှင့် သနပ်ပင်(ပကဖ) ပူးပေါင်းတပ်တို့က ဝင်ရောက်ပစ်ခတ်ခဲ့သည်။

အဆိုပါ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား (၃)ဦးသေဆုံးနိုင်ပြီး ပစ်ခတ်မှုဖြစ်ပြီးနောက် လူနာတင်ယာဉ်များ ဝင်သွားသည်ဟု ဆိုသည်။

အဆိုပါ စစ်ဆေးရေးဂိတ်သည် ဘန်ကာများဖြင့် အခိုင်အမာတည် ဆောက်ထားသည့်အတွက် အပြန်အလှန်ပစ်ခတ်ကြရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဘန်ကာများအတွင်းမှ ပြန်လည်ပစ်ခတ်သဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ရှေ့မတိုးနိုင်ဘဲ ပြန်ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။

၎င်းစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များက ၂၀၂၂ ခုနှစ်ကလည်း ဝင်ရောက်ပစ်ခတ်ခဲ့သည်။

#TachileikNewsAgency