နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် နေအိမ်(၂)လုံးပျက်စီးပြီး အမျိုးသမီး (၁)ဦး ထိမှန်ဒဏ်ရာရ

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် နေအိမ်(၂)လုံးပျက်စီးပြီး အမျိုးသမီး (၁)ဦး ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က သုံးဆယ်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်(၂)လုံးပျက်စီးပြီး အမျိုးသမီးတစ်ဦးထိမှန် ဒဏ်ရာရကြောင်း သိရသည်။

အုမ္မတီးနှင့် တန်ဘိုကျေးရွာတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်မှ သုံးဆယ်ကျေးရွာသို့ လက်နက်ကြီးဖြင့် ၂၀၂၄ ခုနှစ် ဧပြီလ (၂၇)နေ့က (၃)ကြိမ်နှင့် ယမန်နေ့ ဧပြီလ (၂၈)ရက်နေ့တွင် (၃)ကြိမ် စုစုပေါင်း (၆)ကြိမ် ပစ်ခတ်ခဲ့သည်ဟု TNLAထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သုံးဆယ်ကျေးရွာရှိ ပြည်သူနေအိမ်(၂)လုံးနှင့် အသက်(၆၀)နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ မျက်နှာနှင့် လက်ကို ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ (၁၉)ရက်နေ့နှင့် (၂၀)ရက်နေ့တွင်လည်း စစ်ကောင်တပ်မှ မိုးမိတ်မြို့နယ်၊ ရေပုံးကျေးရွာသို့ Jet Fighterလေယာဥ်ဖြင့် (၄)ကြိမ် လာရောက်ပစ်ခတ်ခဲ့သည်။

နောင်ချိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လေယာဥ်အသုံးပြု ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် ဒေသခံပြည်သူလူထုများအပေါ် မကြာခဏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

ထို့အပြင် လားရှိုး၊ မူဆယ်၊ ကျောက်မဲနှင့် နောင်ချိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ စစ်လက်နက်အသုံးအဆောင်ပစ္စည်းများနှင့် ၎င်းတို့လူအင်အား အများအပြားဖြည့်တင်းနေပြီး သွားလာသည့် ဒေသခံပြည်သူများကိုလည်း စစ်ဆေးတင်းကြပ်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News