ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် ၁၀၂၇ စစ်ဆင်ရေးကာလက စတင်ကာ တရုတ် - မြန်မာ နှစ်နိုင်ငံ တရားဝင်ကုန်သွယ်မှု ရပ်ဆိုင်းသွားပြီးနောက် စစ်ကောင်စီ ထိန်းချုပ်ထားသော မူဆယ်မြို့ရှိ ဆင်ဖြူပေါက်ဂိတ်နှင့် နန်းတော်ပေါက်ဂိတ်တို့မှ တနိုင်တပိုင်ကုန်သယ်သည့် လူဦးရေတိုးလာကြောင်း ဒေသခံများထံမှ သိရသည်။
ယခင်က တနိုင်တပိုင် ကုန်သွယ်သူများရှိသော်လည်း ၁၀၂၇ စစ်ဆင်ရေးပြီးနောက် အလုပ်အကိုင်ရှားပါးလာသည့် ပြဿနာကြောင့် တနိုင်တပိုင် ကုန်သွယ်သူ ဦးရေမှာ မြင့်တက်လာပြီး တနေ့လျှင် ဆိုင်ကယ်အစီးရေ(၇၀၀)မှ (၁,၀၀၀)ကြားနှင့် ကားငယ်အစီးရေ(၂၀၀)ကျော်နှင့် လူဦးရေထောင်ချီ၍ တပိုင်တနိုင် ကုန်သွယ်လာကြခြင်းဖြစ်သည်ဟု သိရသည်။
"မြန်မာဘက်ကနေ တရုတ်ကို ကုန်သယ်တာက ကုန်သယ်တယ်လို့ တောင် ပြောလို့မရဘူးပေါ့နော်။ တကိုယ်ရေသုံး ပုံစံမျိုးသယ်သွားပြီးတော့ ဟိုရောက်မှ ဆိုင်ကလူတွေက ယူတာပေါ့။ သွင်းခွင့်ပေးထားတဲ့ ပမာဏလေးတွေရှိတယ်။ ဆန်ဆိုရင် အိတ်လိုက်ယူသွားလို့မရဘူး။ အိတ်ကို တစ်ဝက်ခွဲပြီး ကြိုးနဲ့ချည်ပြီးတော့မှ ကိုယ်စားဖို့ ပုံစံမျိုးခွင့်ပြုပေးထားတာ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ၂၀၂၄ခုနှစ် မေလ(၁၇)ရက်နေ့တွင် ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံဘက်က နိုင်ငံရေးအခြေအနေအရ ကုန်သွယ်ရေး မပြုလုပ်နိုင်ခြင်းသာရှိပြီး တရုတ်ဘက်ကမူ ကုန်သွယ်ရေးကို လုံးဝရပ်ဆိုင်းထားခြင်းကြောင့် ကြီးမားသည့် ကုန်သွယ်ရေးများ မရှိဟု ဆိုသည်။
မြန်မာဘက်မှ ဆိုင်ကယ်၊ ဘထ္ထရီဘီး၊ ကားသေးနှင့် လူသီးသန့်ဝင်ပြီး တရုတ်နိုင်ငံအတွင်းသို့ရောက်ပါက ကုန်ပစ္စည်းထားသည့်နေရာတွင် သွားရောက်သယ်ယူကြခြင်းဖြစ်သည်ဟုလည်း သိရသည်။
"တရုတ်ဘက်ကိုတော့ ဘာမှပေးစရာ မလိုဘူး။ မြန်မာဘက်မှာတော့ သတ်မှတ်ထားတဲ့ နှုန်းပေးရတယ်။ အရင်တုန်းကတော့ ၃ ရာခိုင်နှုန်း ကျော် တစ်သောင်းဝန်းကျင်ပေါ့။ အခုနောက်ပိုင်းက ရဲတွေကို ၃ ရာခိုင်နှုန်းပဲ ပေးနေရတာပဲ။ အခုလည်း အဲဒီလောက်ပဲ။"ဟု ဒေသခံတစ်ဦး ပြောသည်။
တရုတ်နိုင်ငံအတွင်းသို့ ဝင်နိုင်သည့် နန်းတော်ဂိတ်မှာ လူသီးသန့်သာရပြီး ဆင်ဖြူပေါက်မှာမူ ကား၊ ဆိုင်ကယ်၊ လူတစ်ဦးချင်းစီကို ဝင်ရောက်ခွင့်ပြုထားကာ မန်ဝိန်းဂိတ်ပေါက်ကိုမူ ပိတ်ထားသည်ဟု သိရသည်။
"မြန်မာဘက်ကတော့ တချို့ပစ္စည်းတွေလည်း နားလည်မှုနဲ့ ခွင့်ပေးတာပဲ။ တရုတ်ဘက်ကတော့ လုံးဝမစစ်ဘူး။ အခုက ဒေသအတွက်ပဲ တပိုင်တနိုင်ကုန်သယ်ကြတာ။ တရားဝင်ကုန်သွယ်ခွင့်က ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာတော့မကြားမိသေးဘူး။ တရားဝင်ကုန်သွယ် မယ်ဆိုရင် မူဆယ်-မန္တလေးလမ်းဖွင့်မှပဲ ကုန်သွယ်လို့ရမှာလေ။ ကားကြီးတွေ လုံးဝမသွားနိုင်ဘူး။ ဘာလို့ဆို ကားလမ်းက လုံးဝမကောင်းဘူး။ တောလမ်းကြီးဖြစ်နေတဲ့အခါကျတော့ သွားလို့ မရဘူး။"ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် မူဆယ်မြို့အနီးရှိ မြို့နယ်များမှ ဒေသခံများမှာ နယ်စပ်ဝင်ပေါက်ဂိတ်များကို ပိတ်ထားခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်များက သိမ်းထားခြင်းတို့ကြောင့် အဆိုပါ ဂိတ်နှစ်ခုမှသာ ဝင်ထွက်၍ ပစ္စည်းဝယ်ယူခြင်းများရှိသည်ဟု ဆိုသည်။
"မူဆယ်မှာပစ္စည်းဝယ်မယ်ဆိုရင် တရုတ်ငွေတတ်ရင် ဈေးတတ်တာပဲ။ တချို့ဆိုင်တွေဆို မြန်မာငွေနဲ့လည်း ဝယ်လို့ရတယ်။ ဒါပေမယ့် ငွေ လဲတဲ့နှုန်းထားအတိုင်းပေးရတာပဲ။ ဈေးတွက်ရင် ပြတ်အောင်ဖြတ်တာမျိုးပေါ့။"ဟု ဒေသခံတစ်ဦးက ပြောသည်။
မူဆယ်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များမှာ ကုန်သွယ်ရေး မလုပ် ဆောင်နိုင်သည့် အခြေအနေဖြစ်ကာ လုပ်ငန်းရှင် အများစုမှာလည်း မူဆယ်တွင် မနေကြတော့ဘဲ မန္တလေးနှင့် ရန်ကုန်မြို့များသို့ တိမ်းရှောင်သွားပြီဟု ကုန်သည်တစ်ဦးက ဆိုသည်။
"ဒီဘက်မှာကလည်း စီးပွားရေးမကောင်းတော့ ဓားပြတိုက်တာတွေရော၊ ပြန်ပေးဆွဲတာတွေရော အများကြီးပဲလေ။ အဲဒီလိုတွေရှိတော့ သူတို့က အစောကြီးကတည်းက မနေကြတော့ဘူးလေ။"ဟု ၎င်းက ပြောသည်။
ကိုဗစ်ကာလအပြီး ကုန်သွယ်ရေးပြန်စရန် စီစဉ်ထားရာမှ ၁၀၂၇ စစ်ဆင်ရေး ပေါ်လာခြင်းကြောင့် ကုန်သွယ်ရေးပြန်လည်ရပ်ဆိုင်းသွားသဖြင့် တပိုင်တနိုင်ကုန်သယ်မှုမှာ ပိုများလာကြခြင်းဖြစ်သည် ဟုလည်း သိရသည်။
"၁၀၂၇ စစ်ဆင်ရေးပြီးနောက်မှာ လူနဲ့သယ်တဲ့ကုန်ပစ္စည်းက ပိုပြီးတော့များလာတယ်။ လူတွေတော်တော်များများက အလုပ် လုပ်လာကြတယ်။ တစ်နေ့ကို ထွက်တဲ့သူလည်းများသလို ဝင်တဲ့သူလည်း အများကြီးဘဲ။ ဂိတ်ပိတ်သွားလို့သာ ကုန်သယ်တာက ရပ်သွားတာ။ ဂိတ်ကလည်း ညနေ(၆)နာရီဆိုပိတ်ပြီ။ ကုန်ကိုတော့ လူနဲ့သတ်မှတ်တာ မဟုတ်ဘဲ ဧရိယာနဲ့ သတ်မှတ်ထားတယ်။ ၃ ပေပတ်လည်ဆိုပြီးတော့ပေါ့။ ဒါပေမယ့် အခုသယ်နေတာက ၃ ပေကျော်တယ်။ ၄ ပေနားပေါ့။ အရင်ကတော့ ဆိုင်ကယ်နှစ်စီး ဆိုရင် ၃ စီးစာလောက်တင်ကြတာ။ လဲတာပြုတာရှိလို့ ကန့်သတ်လိုက်တာ။ တစ်ရက်ကိုတော့ နှစ်ကြိမ်သယ်လို့ရတယ်။ ဒါပေမယ့် တန်းစီတာ စစ်ဆေးတာကြာတော့ တစ်ကြိမ်လောက်ပဲ သယ်နိုင်တယ်။"ဟု ကုန်သယ်တစ်ဦးက ပြောသည်။
မြန်မာဘက်မှ တစ်ပတ်ဝင်ရောက်ခွင့်ကတ်၊ ပတ်စပို့တို့ဖြင့် ဝင်ရောက်နိုင်ပြီး အစစ်ဆေး မရှိသော်လည်း တရုတ်ဘက်ကမူ X Ray ဖြင့် စစ်ခြင်းများရှိပြီး တရုတ်ဘက်က အထွက်ကိုမူ အစစ်အဆေးနည်းကာ မြန်မာဘက်က အစစ်ဆေးများသည်ဟု ဆိုသည်။
၁၀၂၇ စစ်ဆင်ရေးသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့တွင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ အဖွဲ့ဝင်များဖြစ်သော ရက္ခိုင့်တပ်တော်(AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)နှင့် တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNAL) တို့က ဖော်ဆောင်ခဲ့သည်။
ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်၊ ကျောက်မဲ၊ မူဆယ်၊ နမ့်ခမ်း၊ နောင်ချို၊ လားရှိုးနှင့် ချင်းရွှေဟော်မြို့များရှိ စစ်ကောင်စီအဖွဲ့များအား တပြိုက်နက်တည်း တိုက်ခိုက်ခဲ့ပြီးနောက် မြို့ပေါင်း(၂၀)ဝန်းကျင်နှင့် နယ်စပ်ဂိတ်(၇)ခုခန့်ကို သိမ်းပိုက်ထားသည်။
ထို့နောက် တရုတ်အစိုးရ၏ကြားဝင်မှုဖြင့် တရုတ်နိုင်ငံတွင်ပြုလုပ်သည့် တတိယအကြိမ်ဆွေးနွေးမှ တဆင့်ဖြစ်ပေါ်လာသည့် ဟိုင်ဂင်သဘောတူညီချက်ဖြင့် ရခိုင်ပြည်နယ်မပါဘဲ ရှမ်းမြောက်ဒေသတွင် ယာယီအပစ်ရပ်ရန် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့တွင် အပစ်ရပ်ခဲ့ကြသည်။
လက်ရှိတွင် မြောက်ပိုင်းညီနောင်(၃)ဖွဲ့နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံတွင် ဆက်လက်ဆွေးနွေးနေပြီး နယ်စပ်ကုန်သွယ်ရေး များ ပြန်ဖွင့်ရေးအတွက်လည်း ဆွေးနွေးနေသည်ဟု သိရသည်။