မူဆယ်မြို့ ဂိမ်းဆိုင်တစ်ဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၃ ဦးထိခိုက်ဒဏ်ရာရ

မူဆယ်မြို့ ဂိမ်းဆိုင်တစ်ဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၃ ဦးထိခိုက်ဒဏ်ရာရ

စစ်ကောင်စီတပ်၊ ပြည်သူ့စစ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား အုပ်ချုပ်မှုရှုပ်ထွေးလျှက်ရှိပြီး ဒုစရိုက်မှုအများအပြား ဖြစ်ပေါ်နေသည့် မူဆယ်မြို့၊ မန်ဝိန်းရပ်ကွက် လမ်းသွယ် (၂)ရှိ ဂိမ်းဆိုင်တစ်ဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ(၃)ဦး ထိခိုက်ဒဏ်ရရှိခဲ့ကြောင်း တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန၏ ဧပြီလ (၂၉)ရက်နေ့ ထုတ်ပြန်ကြေညာချက်အရသိရသည်။

ဧပြီလ ၂၇ ရက်နေ့ ည(၁၀)နာရီဝန်းကျင်အချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဂိမ်းဆိုင်ရှိ ဂိမ်းစက်များလည်း ပျက်စီးသွားကာ အခွန်ကိစ္စကြောင့် ထိုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို မသိရှိရသေးဟု ဒေသခံတစ်ဦးမှပြောကြောင်း TNLA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူဆယ်မြို့နယ်သည် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပေါင်းစုံနေထိုင်သည့် မြို့တစ်မြို့ဖြစ်ပြီး လောင်းကစားဝိုင်းနှင့် မူးယစ်ဆေးဝါးပေါများကာ ၊ မကြာခဏ ဗုံးပေါက်ကွဲမှု၊ ပြန်ပေးဆွဲမှုနှင့် လုယက်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် မကောင်းမှုဒုစရိုက် လုပ်ရပ်များ နေ့စဉ်ဖြစ်ပေါ်နေသဖြင့် ထိရောက်စွာ တားဆီးနိမ်နှင်း သွားမည်ဖြစ်ကြောင်း ရှမ်းပြည်တပ်မတော် SSPP/SSAမှလည်း ဧပြီလ (၂၈)ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ထားသည်။

#TachileikNewsAgency