PNLA ကို ရှုတ်ချသည့် စာမှာ အတုဖြစ်ပြီး အချင်းချင်းစည်းလုံးညီညွတ်မှုပျက်ပြားစေရန် လုပ်ဆောင်နေဟု ပအိုဝ်းလူငယ်အစည်း အရုံး(PYO)ပြော

PNLA ကို ရှုတ်ချသည့် စာမှာ အတုဖြစ်ပြီး အချင်းချင်းစည်းလုံးညီညွတ်မှုပျက်ပြားစေရန် လုပ်ဆောင်နေဟု ပအိုဝ်းလူငယ်အစည်း အရုံး(PYO)ပြော

PNLA သည် စစ်အာဏာရှင်ကို တိုက်ခိုက်ရန်အကြောင်းပြပြီး ပအိုဝ်းဒေသကို ဖျက်ဆီးခဲ့ခြင်းကြောင့် အဖွဲ့အစည်း (၁၉၄)ဖွဲ့က ရှုတ်ချကြောင်းဆိုသည့် ထုတ်ပြန်စာတုထုတ်ကာ ဝါဒဖြန့်ချိနေကြောင်း ပအိုဝ်းအဖွဲ့အစည်းက ပြော သည်။



၂၀၂၄ခုနှစ် ဧပြီလ(၅)ရက်နေ့ ညနေပိုင်းက Pa-Oh-ပအိုဝ်း page မှ ဖော်ပြရေးသားထားသည့် PNLA ကို လူမှုအဖွဲ့အစည်း များ (၁၉၄)ဖွဲ့က ကန့်ကွတ်ရှုတ်ချသည်ဆိုသည့်ကိစ္စရပ်သည် လုပ်ကြံဖန်တီးပြီး ရေးသားထားသည့် သတင်းအတုသာဖြစ်ပြီး လူထုနှင့် အဖွဲ့အစည်းများက အထူးသတိထားရန် လိုသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး(PYO)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဒီလိုကိစ္စရပ်တွေကို လူထုတွေနဲ့ တခြားအဖွဲ့အစည်းတွေက အထူးသတိထားဖို့ သတိပြုဖို့လိုတယ်။ နောက်ပြီးတော့ ဒီလိုလုပ်ကြံဖန်တီးထားတဲ့သူတွေအနေနဲ့လည်း ဒီလိုဟာမျိုးထပ်မလုပ်ဖို့၊ အချင်းချင်းကြားမှာ အထင်အမြင်လွဲမှားမှုတွေလည်း အရမ်းဖြစ်စေတယ်ပေါ့နော်။”ဟု ပအိုဝ်းလူငယ်အစည်းအရုံး(PYO)မှ တာဝန်ရှိသူတစ်ဦးက  Tachileik News Agency ကို ပြောသည်။



ထုတ်ပြန်ချက်အတုတွင် ပအိုဝ်းလူငယ်အစည်းအရုံး(PYO)အပါအဝင် တစ်နိုင်လုံးသော လူမှုအဖွဲ့အစည်းများ၏ အမည်များအား သဘောထားဆန္ဒ(လုံးဝ) တောင်းခံခြင်းမရှိပဲ အလွဲသုံးစားလုပ်ပြီး ယူသုံးထားသည်ကိုလည်း တွေ့ရသည်ဟု ဆိုသည်။



အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ပအိုဝ်းလူငယ်အစည်းအရုံး Pa-O Youth Organization (PYO) အပါအဝင် ကျန်ရှိသည့် အဖွဲ့ အစည်းအားလုံးနှင့် တစ်စုံတစ်ရာသက်ဆိုင်ခြင်းများ မရှိသည့်အပြင် အဆိုပါ‌ ရေးသားဖော်ပြမှုများသည် အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသည့် အင်အားစုများနှင့် ပြည်သူများအကြား ယုံကြည်မှုလျော့ကျစေရန်နှင့် အထင်အမြင်လွဲမှားစေရန် ရည်ရွယ် လုပ်ဆောင်နေခြင်းဖြစ်ကာ လူထုအချင်းချင်းများအကြား ညီညွတ်မှုကို ပျက်ပြားစေသည်ဟု ဆိုသည်။

“ဒါက အစစ် မဟုတ်ဘူး။ လုပ်ကြံဖန်တီးတဲ့ အတုဖြစ်တယ်။ အာဏာမသိမ်းခင် ကာလတုန်းက လူမှုအဖွဲ့အစည်းတွေက ထုတ်ပြန်ချက်တွေ ထုတ်ကြတယ်။ သက်ဆိုင်တဲ့သူတွေဆီကို အိတ်ဖွင့် ပေးစာတွေ ပေးကြတယ်ပေါ့နော်။ ဒီထုတ်ပြန်ချက်တွေရဲ့ ပုံစံကိုယူပြီး အတုလုပ်ထားတာပေါ့။ အဲဒါကြောင့်မို့ ဒီဟာက အတုဖြစ်တယ်။ လုပ်ကြံဖန် တီးထားတာဖြစ်တယ်။”ဟု ပအိုဝ်းလူငယ်အစည်းအရုံး(PYO)မှ တာဝန်ရှိသူ တစ်ဦးကဆက်ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အဖွဲ့အစည်းများ ချိတ်ဆက်ပြောဆိုခဲ့ကြပြီး ပြန်လည်တုန့်ပြန်မှုများရှိပြီး သတင်းအမှားများဖြန့်ဝေ၍ ပြည်သူအချင်းချင်းများအကြား မိုင်းတိုက်နေသည့်ကိစ္စရပ်များကို အထူးဂရုပြုရန် လိုသည်ဟု လည်း ပအိုဝ်းလူငယ်အစည်းအရုံး(PYO)က ထုတ်ပြန်ထားသည်။