ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် စစ်ရှောင်ပြီးပြန်လာသည့် မိသားစု(၂)ဦးသေဆုံး (၂)ဦးဒဏ်ရာရ

ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် စစ်ရှောင်ပြီးပြန်လာသည့် မိသားစု(၂)ဦးသေဆုံး (၂)ဦးဒဏ်ရာရ

ရက္ခိုင့်တပ်တော် သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ကို ယနေ့ ၂၀၂၄ ခုနှစ် မတ်လ(၁၂)ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်ရာ စစ်ရှောင်ပြီးပြန်ဝင်လာသည့် မိသားစုအားထိမှန်ကာ (၂)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါမိသားစုမှာ ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားစဉ် တိမ်းရှောင်ခဲ့ကြသည့် တန်းစွယ်ကျေးရွာမှ ဒေသခံများဖြစ်သည်ဟု သိရသည်။

"လက်နက်ကြီးက ဘယ်ကပစ်တာလည်း အတိအကျပြောလို့မရဘူး။ အများစုကတော့ စစ်တွေ ပါဒလိတ်တပ်ရင်းက ပစ်တာလို့ဘဲပြောတယ်။ လက်နက်ကြီးက တစ်လုံးကျတာ။ သေဆုံး၊ ဒဏ်ရာရသူတွေက ဘယ်သူတွေလဲ မသိရသေးပါဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

၎င်းစစ်ရှောင်မိသားစုသည် ပေါက်တောမြို့နယ်၊ လှခိုင်ကျေးရွာသို့ စစ်ဘေးရှောင်ပြီးနောက် နေရပ်ဖြစ်သည့် တန်းစွယ်ကျေးရွာသို့ ပြန်လာရာ ရွာဆိပ်ကမ်းသို့အတက်တွင် လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူများမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ပါဝင်ပြီး အမျိုးသမီး(၂)ဦးမှာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။ 

ပြီးခဲ့သည့်လကလည်း ပုဏ္ဏားကျွန်းမြို့နယ် တောင်ဘက်ပိုင်းတွင် လက်နက်ကြီးကျကာ မင်းကန်ရွာမှ ကျောင်းသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ 

ပုဏ္ဏားကျွန်းမြို့ကို ရက္ခိုင့်တပ်တော်က မတ်လ (၄)ရက်‌နေ့တွင် အပြီးသတ် သိမ်းနိုင်ခဲ့ပြီးဖြစ်သော်လည်း စစ်ကောင်စီတပ်၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှုကြောင့် မြို့တွင်းရှိ နေအိမ် (၈၀)ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။

#TachileikNewsAgency