ရမ်းဗြဲမြို့သို့စစ်ကူလာသည့် စစ်ကောင်စီတပ် အင်အား (၈၀)ကျော် သုံးရက်အတွင်း ချေမှုန်းခံရ

ရမ်းဗြဲမြို့သို့စစ်ကူလာသည့် စစ်ကောင်စီတပ် အင်အား (၈၀)ကျော် သုံးရက်အတွင်း ချေမှုန်းခံရ
ဖေဖော်ဝါရီ 27, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့သို့စစ်ကူလာသည့် စစ်ကောင်စီတပ် အင်အား (၈၀)ကျော်ကို ရက္ခိုင့်တပ်တော်(AA)က (၃)ရက်အတွင်း တိုက်ခိုက်ချေမှုန်းလိုက်ကြောင်း သိရသည်။

ရမ်းဗြဲမြို့သို့ ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် ရဟတ်ယာဉ်များဖြင့် စစ်ကူအဖြစ်ပေးပို့ခဲ့သော စစ်ကောင်စီ၏ အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ(၃၆)တပ်ရင်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမ်းမြို့အခြေစိုက် ခမရ (၃၇၃)တပ်ရင်းတို့၏ ပူးပေါင်းစစ်ကူစစ်ကြောင်းအား ရက္ခိုင့်တပ်တော်က တိုက်ခိုက်နေခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ (၂၄)ရက်နေ့နှင့် (၂၅)ရက်နေ့အတွင်း ရက္ခိုင့်တပ်တော်၏ တိုက်ခိုက်မှုကြောင့် အဆိုပါစစ်ကူစစ်ကြောင်းမှ အင်အား (၆၀) ကျော်သေဆုံးကာ ဖေဖော်ဝါရီလ (၂၆)ရက်နေ့တွင် အင်အား (၂၀)ကျော် ထပ်မံ‌ချေမှုန်းခံရသည်ဟု သိရသည်။

ရက္ခိုင့်တပ်တော်၏ တိုက်ခိုက်မှုကြေင့် ကစဉ့်ကလျားထွက်ပြေးလွတ်မြောက်နေသော အဆိုပါစစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ဆက်လက်ချေမှုန်းနေသည်ဟု AAက ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကူစစ်ကြောင်းအား ရဟတ်ယာဉ် (၄)စီးဖြင့် တစ်ကြိမ်၊ ရဟတ်ယာဉ် (၃)စီးဖြင့် တစ်ကြိမ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့၌ ရမ်းဗြဲမြို့အနီးသို့ လာရောက်စစ်ကူချပေးခဲ့ခြင်းဖြစ်ပြီး စစ်ကူချပေးနေစဉ်အတွင်း ဂျက်တိုက်လေယာဉ်များဖြင့် လမ်းကြောင်းရှင်း ကာကွယ်ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီသည် လေကြောင်း (Y-12)မှတစ်ဆင့် ရိက္ခာ၊ လက်နက်ခဲယမ်းများကို ဖေဖော်ဝါရီလ (၂၆)ရက်၊ နေ့လယ်ပိုင်းတွင် ရမ်းဗြဲမြို့အတွင်းရှိ ၎င်းတို့တပ်ဖွဲ့ဝင်များထံ လာရောက်ချခဲ့သော်လည်း အဆိုပါပစ္စည်းများကို AAက သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် လက်နက်ချအညံ့မခံသေးသောစခန်းများထဲမှ တစ်ခုဖြစ်သည့် ပုဏ္ဏားကျွန်းမြို့မှ ခမရ (၅၅၀)တပ်ရင်းဌာနချုပ်ကိုလည်း ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကာ တပ်မ (၂၂)လက်အောက်ခံ၊ ခမရ (၂၀၁)တပ်ရင်းမှ စခန်းထိုင်သော မောင်တောမြို့မြောက်ဘက်ရှိ ကြိမ်ချောင်း၊ တောကျောင်းစခန်းကိုလည်း ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။

ဘူးသီးတောင်မြို့နယ်၊ သရဖီကျေးရွာအနီးရှိ စစ်ကောင်စီ၏ ခမရ (၅၅၂)တပ်ရင်းကိုလည်း ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု သိရသည်။

#TachileikNewsAgency