ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို မြန်မာသို့ပြန်ပို့ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို မြန်မာသို့ပြန်ပို့ 
ဖေဖော်ဝါရီ 15, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် မောင်တောမြို့ တောင်ပြိုရှိ နယ်ခြားစောင့်တပ်စခန်းများအား ရက္ခိုင့်တပ်တော်က သိမ်းပိုက်စဉ် ဘင်္ဂလားဒေ့ရှ်နိုင်သို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများအား ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် မြန်မာစစ်ကောင်စီတပ်သား (၃၃၀)ဦးကို ကော့ဘဇားမှတဆင့် ပြန်ပို့လိုက်ခြင်းဖြစ်သည်ဟု ‌ကော့ဘဇားသို့ တိမ်းရှောင်နေရသည့် ရိုဟင်ဂျာများက Tachileik News Agency ကိုပြောသည်။ 

"ဒီကနေ့ အင်နာနီကနေလွှဲပေးနေတယ်လို့သိရတယ်။ အင်နာနီဆိုတာ ကော့ဘဇားမှာရှိတယ်။"ဟု ရိုဟင်ဂျာတစ်ဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များနှင့် စစ်ကောင်စီတို့တွေ့ဆုံပြီးနောက် ကော့ဘဇားရေတပ် ဆိပ်ခံတံတားသို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

ရက္ခိုင့်တပ်တော်က စစ်ကောင်စီ၏ တောင်ပြိုလက်ယာနှင့် တောင်ပြိုလက်ဝဲစခန်းများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၄)ရက်နေ့နှင့် (၇)ရက်နေ့တို့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency