ထိုင်းနိုင်ငံတွင် သေနတ်သမားက စာသင်ကျောင်းအတွင်း ဇနီးဟောင်း ကျောင်းဆရာမ အပါအဝင် လူအများအပြားကို ဓားစာခံအဖြစ် ဖမ်းဆီးထားမှု ဖြစ်ပွား

ထိုင်းနိုင်ငံတွင် သေနတ်သမားက စာသင်ကျောင်းအတွင်း ဇနီးဟောင်း ကျောင်းဆရာမ အပါအဝင် လူအများအပြားကို ဓားစာခံအဖြစ် ဖမ်းဆီးထားမှု ဖြစ်ပွား
ဖေဖော်ဝါရီ 9, 2024 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း မဟာဆရခန်ပြည်နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် သေနတ်သမားတစ်ဦးက ၎င်း၏ ဇနီးဟောင်း အပါအဝင် ဓားစာခံများကို ဖမ်းဆီးထိန်းသိမ်းထားမှု ဖြစ်ပွားခဲ့ရာ နာရီအတန်ကြာ ဆွေးနွေးညှိနှိုင်းခဲ့ရပြီးနောက် သေနတ်သမားက ရဲတပ်ဖွဲ့ထံ လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။ 

၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၈) ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် Phayakkhaphum Phisai ခရိုင်အတွင်းရှိ Khaothung ကျောင်းသို့ ထိုအမျိုးသား ဝင်ရောက်လာခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

Akarawat ဟုသာ အမည်ဖော်ပြထားသော အသက် (၃၆) နှစ်အရွယ် အမျိုးသားက Khaothung ကျောင်းတွင် ဆရာမတစ်ဦးဖြစ်သူ ၎င်း၏ ဇနီးဟောင်းနှင့် စကားပြောခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

 ၎င်းတို့ (၂) ဦးမှာ ကွာရှင်းပြီးနောက် (၂) လခန့်အကြာတွင် ယခုကဲ့သို့ တွေ့ဆုံ စကားပြောကြခြင်း ဖြစ်သည်။ 

ဓားစာခံ ဖမ်းဆီးထားမှု ဖြစ်စဥ်အတွင်း ၎င်းတို့၏ အသက် (၄) နှစ်အရွယ် ကလေးငယ်လည်း ရှိနေခဲ့ကြောင်း သိရသည်။

စကားပြောနေရာမှ အငြင်းအခုံ ဖြစ်လာပြီးနောက် ထိုအမျိုးသားက ဆရာမ၏ အခန်းမှထွက်လာကာ လေထဲသို့ သေနတ်ပစ်ဖောက်ခဲ့သည်။ 

သေနတ်သံကြားပြီးနောက် ကျောင်းသူကျောင်းသား (၁၄၀) ခန့်မှာ အကာအကွယ်ယူခဲ့ကြကြောင်းနှင့် ဆရာမနှင့် ၎င်း၏ကလေးသာ အခန်းထဲတွင် ကျန်နေခဲ့ကြောင်း သိရသည်။

ထို့နောက် ရောက်ရှိလာသည့် ရဲတပ်ဖွဲ့ တစ်နာရီခန့်အကြာတွင်  ထိုအမျိုးသားကို ပြောဆိုစည်းရုံးနိုင်ခဲ့ပြီး ကျောင်းထဲရှိ ၎င်း၏ ဇနီးဟောင်းနှင့် ကလေး အပါအဝင် ကလေးများနှင့် ဆရာ/ဆရာများ အားလုံးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ 

ရဲတပ်ဖွဲ့နှင့် ၎င်း၏ ဆွေမျိုးများ၏ ပြောဆိုစည်းရုံးမှုဖြင့် ဓားစာခံများကို ပြန်လွှတ်ပေးလိုက်သော်လည်း ထိုအမျိုးသားက ကျောင်း၏ ဒုတိယထပ်တွင် ဆက်ရှိနေခဲ့ပြီး သေနတ်ပစ်ဖောက်ကာ လက်နက်ချ အညံ့ခံရန် ငြင်းဆန်နေခဲ့သည်။

ဆက်လက်၍ (၅) နာရီခန့်ကြာ ဆွေးနွေးညှိနှိုင်းခဲ့ရပြီးနောက် ဒေသစံတော်ချိန် ညနေ (၄) နာရီ (၄၅) မိနစ်တွင် ရဲတပ်ဖွဲ့က ထိုအမျိုးသားကို ဖမ်းဆီးခဲ့ကြောင်း Bangkok Post သတင်းက ဖော်ပြထားသည်။ 

#TachileikNewsAgency

Source: Bangkok Post

Photo: MGR Online