မက္ကစီကိုတွင် မူးယစ်ဆေးဝါးဂိုဏ်းများက နိုင်ငံ၏ ပဥ္စမအကြီးဆုံး အလုပ်ရှင်များဖြစ်ကြောင်း လေ့လာတွေ့ရှိ

မက္ကစီကိုတွင် မူးယစ်ဆေးဝါးဂိုဏ်းများက နိုင်ငံ၏ ပဥ္စမအကြီးဆုံး အလုပ်ရှင်များဖြစ်ကြောင်း လေ့လာတွေ့ရှိ
စက်တင်ဘာ 24, 2023 | နိုင်ငံတကာသတင်း
By Mr John

 မက္ကစီကိုနိုင်ငံရှိ မူးယစ်ဆေးဝါးဂိုဏ်းများတွင် ဂိုဏ်းဝင်များ ဆက်လက် တိုးလာနေပြီး ထိုဂိုဏ်းများသို့ ဝင်ရောက်သူဦးရေမှာ နေ့စဥ် ဒါဇင်နှင့်ချီ ရှိနေကြောင်း Science ဂျာနယ်က ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၁) ရက်နေ့တွင် ထုတ်ပြန်သည့် လေ့လာမှုအရ သိရှိရသည်။ 

မက္ကစီကိုတွင် မူးယစ်ဆေးဝါးဂိုဏ်းများက ပဥ္စမအကြီးဆုံး အလုပ်ရှင်များဖြစ်နေကြောင်းလည်း ထိုလေ့လာမှုက ခန့်မှန်းထားသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း လူသတ်မှုများ၊ ထောင်ဒဏ်ချမှတ်မှုများနှင့် အခြား ဆက်စပ်သည့် အချက်အလက်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အခြေခံပြီး သုတေသီများက တွက်ချက်မှုပုံစံတစ်ခု ဖန်တီးကာ မူးယစ်ဆေးဝါးဂိုဏ်းများက လူသစ်စုဆောင်းသည့် အရေအတွက်ကို ခြေရာခံခဲ့ကြသည်။

သုတေသီများ၏ လေ့လာမှုအရ မက္ကစီကို မူးယစ်ဆေးဝါးဂိုဏ်း (၁၅၀) ဝန်းကျင်၏ တစ်စတစ်စ တိုးလာနေသော ဂိုဏ်းဝင်များ (၁၇၅,၀၀၀) ရှိမည်ဖြစ်ပြီး ထိုအရေအတွက်က မက္ကစီကိုရှိ အကြီးဆုံး လုပ်ငန်းအများစု၏ ဝန်ထမ်းအရေအတွက်ထက် ပို၍များနေကြောင်း တွေ့ရသည်။ 

မူးယစ်ဆေးဝါးဂိုဏ်းများက ၎င်းတို့၏ အင်အားကို ဆက်လက် ကြီးထွားနေစေရန် တစ်နှစ်လျှင် အဖွဲ့ဝင်သစ် (၂၀,၀၀၀) အထိ စုဆောင်းနေကြောင်းလည်း လေ့လာမှုက ဆိုသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း လူသိများသော မူးယစ်ဆေးဝါးဂိုဏ်းများ၏ ဂိုဏ်းဝင်များ (၃၇) ရာခိုင်နှုန်းမှာ အသတ်ခံရ သို့မဟုတ် အကျဥ်းချခံခဲ့ရကြောင်းနှင့် မူးယစ်ဆေးဝါးဂိုဏ်းများက ၎င်းတို့၏ အင်အားကို ပြန်ဖြည့်တင်းရန် လူသစ်စုဆောင်းမှုများ တိုးမြှင့်လုပ်ဆောင်နေခဲ့ကြသည်။ 

ဂိုဏ်းဝင်အသစ်များ မစုဆောင်းနိုင်ပါက မူးယစ်ဆေးဝါးဂိုဏ်းများ အချင်းချင်း တိုက်ခိုက်၍မရနိုင်ဟု ဆိုသည်။

မူးယစ်ဆေးဝါးဂိုဏ်းများ များပြားလှသည့် မက္ကစီကိုနိုင်ငံတွင် လူသတ်မှုများလည်း အခြား နိုင်ငံများထက် ပို၍ဖြစ်ပွားနေသည်။ 

Mexican Statistical Agency (INEGIO) ၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ်အတွင်း မက္ကစီကိုတွင် လူသတ်မှု (၃၂,၂၂၃) မှု သို့မဟုတ် လူ (၁၀၀,၀၀၀) လျှင် လူသတ်မှု (၂၅) မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

Source: RT