တောင်ကိုရီးယားတွင် ပထမဆုံး မျောက်ကျောက်ရောဂါ အတည်ပြုလူနာ တွေ့ရှိ

Photo: Pool photo
Photo: Pool photo
တောင်ကိုရီးယားတွင် ပထမဆုံး မျောက်ကျောက်ရောဂါ အတည်ပြုလူနာ တွေ့ရှိ
By Mr John

တောင်ကိုရီးယားနိုင်ငံတွင် ပထမဆုံး မျောက်ကျောက်ရောဂါကူးစက်မှုတစ်ခု တွေ့ရှိရကြောင်း ဇွန်လ (၂၂) ရက်နေ့က အာဏာပိုင်တွေက အတည်ပြုခဲ့ပြီး စောင့်ကြည့်မှု နှင့် တုံ့ပြန်မှုစနစ်များ အားဖြည့် ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ကြောင်းနှင့် ကူးစက်ရောဂါ သတိပေးချက်ကို "ဂရုစိုက်သတိထားရန်" အဖြစ် တိုးမြှင့်ထုတ်ပြန်ထားကြောင်း သိရသည်။ 

မျောက်ကျောက်ရောဂါဖြစ်ပွားသူမှာ တောင်ကိုရီးယားနိုင်ငံသားတစ်ဦးဖြစ်ပြီး ဂျာမနီနိုင်ငံမှ ဇွန်လ (၂၁) ရက် မွန်းလွဲပိုင်းတွင် ရောက်ရှိလာခဲ့စဥ် ရောဂါလက္ခဏာများ ဖြစ်ပေါ်နေပြီးနောက် ၎င်းကို အင်ခွန်းဆေးရုံ (Incheon Medical Center) ၌ ကုသပေးနေကြောင်း သိရသည်။

ထိုအမျိုးသားကို စစ်ဆေးမှုအရ မျောက်ကျောက်ရောဂါ (monkeypox) ကူးစက်ခံထားရကြောင်း တွေ့ရှိရသည်ဟု တောင်ကိုရီးယားနိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးဌာန Korea Disease Control and Prevention Agency (KDCA) ပြောသည်။ 

KDCA က မျောက်ကျောက်ရောဂါ လူနာ၏ အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်မပြောခဲ့ပေ။ 

ပထမဆုံး မျောက်ကျောက်ရောဂါကူးစက်မှု တွေ့ရပြီးနောက် KDCA က နိုင်ငံတွင် သတ်မှတ်ထားသော ကူးစက်ရောဂါ သတိပေးချက်အဆင့် (၄) ခု၏ ဒုတိယအမြင့်ဆုံးဖြစ်သည့် "ဂရုစိုက်သတိထားရန်" အဖြစ် တိုးမြှင့်ထုတ်ပြန်လိုက်သည်။

သတ်မှတ်နေရာများတွင် စောင့်ကြည့်မှုစနစ်များ စီစဥ်သွားမည်ဖြစ်ပြီး ကွာရန်တင်းစီမံခန့်ခွဲမှုကို အဓိကအားဖြင့် မျောက်ကျောက်ရောဂါ မကြာခဏ ဖြစ်ပွားသည့်နိုင်ငံများမှ လာရောက်သူများကြား တင်းကျပ်ဆောင်ရွက်သွားမည်ဟု KDCA ကဆိုသည်။ 

"KDCA က ဘေးကင်းစိတ်ချရတဲ့ ကာကွယ်ဆေးတွေနဲ့ ကုသမှုတွေ လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။ ရောဂါစစ်ဆေးမှုကိုလည်း တိုးချဲ့ဆောင်ရွက်နေပါတယ်"ဟု KDCA အကြီးအကဲ Peck Kyong-ran က ပြောခဲ့သည်။

"မျောက်ကျောက်ရောဂါ လူနာတွေနဲ့ ခန္ဓာကိုယ်ချင်း ထိတွေ့မှုရှိခဲ့သူတွေ၊ ကူးစက်ခံရနိုင်ခြေ အလယ်အလတ် သို့မဟုတ် မြင့်မားသူတွေကို သူတို့ရဲ့ သဘောတူညီချက်အရ ကာကွယ်ဆေးထိုပေးသွားမှာပါ" ဟု ၎င်းက ဆိုသည်။ 

သို့သော် တောင်ကိုရီးယားအနေဖြင့် လက်ရှိတွင် မျောက်ကျောက်ရောဂါအတွက် ကာကွယ်ဆေးထိုးအစီအစဥ် မသုံးသပ်သေးကြောင်း သူက ဖြည့်စွက်ပြောသည်။

KDCA က မျောက်ကျောက်ရောဂါ သံသယရှိသူ (၂) ဦး တွေ့ရှိထားကြောင်း ဇွန်လ (၂၂) ရက် အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော်လည်း နောက်တစ်ဦးဖြစ်သည့် နိုင်ငံခြားသားကို စစ်ဆေးရာတွင် ကူးစက်ခံရမှု မတွေ့ခဲ့ရဟုဆိုသည်။ 

ထိုနိုင်ငံခြားသားမှာ အခြား ရောဂါကြောင့် အရည်ကြည်ဖုနှင့် လည်ချောင်းနာခြင်း လက္ခဏာများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း KDCA က ပြောခဲ့ပြီး အသေးစိတ်ကို မထုတ်ပြန်ခဲ့ကြောင်း သိရသည်။

Source: Reuters