အီတလီနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် (၄) ကြိမ်တိုင် တာဝန်ယူခဲ့သူ ဘာလူစကိုနီ သွေးကင်ဆာရောဂါဖြင့် ဆေးကုသမှု ခံနေရ

Photo: REUTERS/Flavio Lo Scalzo
Photo: REUTERS/Flavio Lo Scalzo
အီတလီနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် (၄) ကြိမ်တိုင် တာဝန်ယူခဲ့သူ ဘာလူစကိုနီ သွေးကင်ဆာရောဂါဖြင့် ဆေးကုသမှု ခံနေရ
By Mr John

အီတလီနိုင်ငံ၏ ဝန်ကြီးချုပ်ရာထူးကို (၄) ကြိမ်တိုင် တာဝန်ယူခဲ့သူ ဆေလ်ဗီယို ဘာလူစကိုနီ သွေးကင်ဆာရောဂါဖြစ်နေကြောင်းနှင့် လက်ရှိတွင် အထူးကြပ်မတ်ကုသဆောင်၌ အဆုတ်ပိုးဝင်မှုအတွက် ကုသမှုခံယူနေကြောင်း ၎င်း၏ ဆရာဝန်များက ဧပြီလ (၆) ရက်နေ့တွင် ပြောသည်။ 

အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီကို အသက်ရှူရခက်ခဲသည့် ကျန်းမာရေးပြဿနာကြောင့် ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်သို့ ပို့ဆောင်ခဲ့ရပြီး နောက်တစ်ရက်တွင် သွေးကင်ဆာဖြစ်နေကြောင်း ဆရာဝန်များက ထုတ်ပြောလာခြင်းလည်း ဖြစ်သည်။

အသက် (၈၆) နှစ်အရွယ် မီဒီယာလုပ်ငန်းရှင် ဘီလျံနာတစ်ဦးဖြစ်သူ ဘာလူစကိုနီ ကို မီလန်မြို့ရှိ San Raffaele ဆေးရုံ၏ နှလုံးရောဂါဌာနတွင် ကုသပေးနေကြောင်း သိရသည်။ 

ဘာလူစကိုနီ ကို ဧပြီလ (၅) ရက်နေ့က ဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင်သို့ အလျင်အမြန် ပို့ဆောင်ခဲ့ရပြီး ၎င်း၏ ထိခိုက်လွယ်သော ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်နေသည်။

၎င်း၏ ဆရာဝန်များဖြစ်သည့် Alberto Zangrillo နှင့် Fabio Ciceri တို့က ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ ပထမဆုံး ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ရာတွင် ဘာလူစကိုနီတွင် နာတာရှည် သွေးကင်ဆာရောဂါ Chronic Myelomonocytic Leukaemia ရှိနေကြောင်း ပြောထားသည်။ 

ဘာလူစကိုနီ သွေးကင်ဆာြဖစ်နေကြောင်း မည်သည့်အချိန်တွင် ပထမဆုံး စစ်ဆေးသိရှိခဲ့ရကြောင်းကိုမူ ဆရာဝန်များက ထုတ်ဖော်ပြောခြင်းမရှိဘဲ အထူးစိုးရိမ်ဖွယ်ရာအဆင့် မဟုတ်ကြောင်းသာ ပြောခဲ့သည်။

ဘာလူစကိုနီမှာ လက်ရှိအစိုးရအဖွဲ့တွင် ရာထူးနေရာ ရယူထားခြင်းမရှိသော်လည်း ၎င်း၏ Forza Italia ပါတီမှာ ဝန်ကြီးချုပ် Giorgia Meloni ၏ လက်ယာစွန်း ညွှန့်ပေါင်းအုပ်စုတွင် ပါဝင်နေသည်။ 

ဘာလူစကိုနီ၏ မိသားစုဆရာဝန်နှင့် စကားပြောခဲ့ပြီးနောက် ၎င်း၏အခြေအနေ တည်ငြိမ်မှုရှိကြောင်း သိရှိရသည်ဟု အီတလီနိုင်ငံခြားရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ် Antonio Tajani က RAI နိုင်ငံပိုင်ရုပ်သံသတင်းဌာနကို ပြောသည်။

တီဗီကြော်ငြာလုပ်ငန်းမှ ဝင်ငွေများဖြင့် ချမ်းသာကြွယ်ဝလာခဲ့သည့် အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီမှာ လတ်တလော နှစ်များအတွင်း ကျန်းမာရေးမကောင်းမှု အကြိမ်ကြိမ် ခံစားခဲ့ရပြီး San Raffaele ဆေးရုံ၌ပင် ရက်အနည်းငယ်ကြာ ဆေးကုသမှုခံယူခဲ့ပြီးနောက် လွန်ခဲ့သည့် သီတင်းအတွင်းမှသာ ဆေးရုံဆင်းခဲ့ခြင်းလည်း ဖြစ်သည်။ 

လက်ရှိတွင် ဘာလူစကိုနီ ကို အထူးကြပ်မတ်ဆောင်တွင် အဆုတ်ပိုးဝင်မှုအတွက် ကုသပေးနေပြီး ထိုသို့ နာမကျန်းဖြစ်မှုမှာ ကင်ဆာရောဂါနှင့် ဆက်နွယ်နေကြောင်း ၎င်း၏ ဆရာဝန်များက ပြောသည်။

ဘာလူစကိုနီမှာ ၂၀၁၁ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် (၄) ကြိမ်မြောက် တာဝန်ယူခဲ့ပြီးနောက် ၎င်း၏ နာမည်ဆိုးဖြင့်ကျော်ကြားသော "bunga bunga" ပါတီပွဲများ ကျင်းပမှုအပါအဝင် အရှုပ်အထွေးများကြောင့် ရာထူးမှ ဆင်းခဲ့ရသည်။ 

သို့သော် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ရွေးကောက်ပွဲအပြီးတွင် ဘာလူစကိုနီက ဆီးနိတ်လွှတ်တော်သို့ ပြန်ရောက်လာခဲ့ပြီး ၎င်း၏ပါတီတွင် ခေါင်းဆောင်နေရာကို ဆက်ခံမည့်သူမရှိသေးဟု ဆိုသည်။ 

မီဒီယာသူဌေးကြီးဖြစ်သူ ဘာလူစကိုနီမှာ အီတလီနိုင်ငံရေးတွင် ကာလရှည်ကြာ ဩဇာလွှမ်းမိုးသူလည်း ဖြစ်သည်။

Source: Reuters