အာဏာသိမ်းပြီး ၃ နှစ်အတွင်း စစ်ကောင်စီတပ်၏ နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်မှုကြောင့် ကလေး ၆၃၀ ကျော်သေဆုံး၊ ပါဝင်ပတ်သက်သူများကို အရေးယူမည်ဟု NUG ထုတ်ပြန်

အာဏာသိမ်းပြီး ၃ နှစ်အတွင်း စစ်ကောင်စီတပ်၏ နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်မှုကြောင့် ကလေး ၆၃၀ ကျော်သေဆုံး၊ ပါဝင်ပတ်သက်သူများကို အရေးယူမည်ဟု NUG ထုတ်ပြန်
ဖေဖော်ဝါရီ 6, 2024 | 2021 Military Coup

စစ်တပ်အာဏာသိမ်းပြီးနောက် (၃)နှစ်အတွင်း စစ်ကောင်စီတပ်၏ နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်မှုကြောင့် အသက်(၁၈)နှစ်အောက် ကလေးငယ် (၆၃၀)ကျော် သေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ကလေးသူငယ်များ ပညာသင်ကြားနေသည့် စာသင်ကျောင်းများကို ပစ်မှတ်ထား၍ ဗုံးကြဲခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် (၃)နှစ်အအတွင်း စာသင်ကျောင်း (၅၂)ကျောင်း ပျက်စီးခဲ့ရပြီး အခြားသောအကြောင်းများကြောင့်လည်း ကျောင်းပေါင်း (၁၉၉)ကျောင်း ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦးများနှင့် ကလေးငယ်များကို ပစ်မှတ်ထားတိုက်ခိုက် သတ်ဖြတ်ခြင်းသည် လူမဆန်သည့် ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ရာရောက်သော လုပ်ရပ်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့်လည်း ကလေးသူငယ်များ၏ ပညာရေးအခွင့်အရေး (Right to Education)ကို ဆိုးရွားစွာ ချိုးဖောက်ခံရမှု၊ စာသင်ကျောင်းများကို ရက်စက်ကြမ်းကြုတ်စွာ ပစ်မှတ်ထား တိုက်ခိုက်သည့် စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှု ဖော်ဆောင်ရေးတွင် အားဖြည့်ပံ့ပိုးရန် တာဝန်ရှိသည်ဟု ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်ကောင်စီတပ်၏ ကလေးသူငယ်များနှင့် စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အဦးများကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး ကလေးသူငယ်များအား တရားမဲ့စွာ သတ်ဖြတ်နေခြင်းများတွင် အဓိက တာဝန်အရှိဆုံးဖြစ်သော အကြမ်းဖက်စစ်ခေါင်းဆောင်များအပါအဝင် ကျူးလွန်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်ခဲ့သူများ၊ အားပေးအားမြှောက်ပြုသူများ အားလုံးကို ပြည်တွင်းတရားရုံးများတွင် သာမက နိုင်ငံတကာ တရားရုံးများတွင်ပါ တရားစွဲဆိုပြီး ထိခိုက်နစ်နာခဲ့ကြရသူများအားလုံးအတွက် တရားမျှတမှု ပြန်လည်ရယူနိုင်ရေး လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ကလေးငယ်များအပေါ် လေကြောင်းမှ ဗုံးကြဲသတ်ဖြတ်မှုများတွင် ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာပစ်ခတ်မှုနှင့် ဝန်းသိုမြို့နယ် ဂျိုးတောင်ရွာမရွာ ပစ်ခတ်မှုတို့တွင် ကလေးငယ်များစွာ ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ကလည်း ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်း ‌ဒေါဆီအီရွာ၊ လွိုင်နန်းဖရွာတို့ကို လေကြောင်းမှ ဗုံးကြဲပြီး လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ရာ အ.လ.က စာသင်ကျောင်းဆောင်(၆)လုံး ပျက်စီးပြီး စာသင်ကြားနေသည့် ကလေးငယ် (၄)ဦးအပြင် အရပ်သား (၁)ဦး သေဆုံးခဲ့ပြီး ဆရာမများအပါ ကလေးငယ် (၁၄)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

#TachileikNewsAgency