ဥရောပသမဂ္ဂနှင့် နိုင်ငံ(၈)နိုင်ငံက မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု (၃)နှစ်ပြည့် သဘောထား ပူးတွဲထုတ်ပြန်

ဥရောပသမဂ္ဂနှင့် နိုင်ငံ(၈)နိုင်ငံက မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု (၃)နှစ်ပြည့် သဘောထား ပူးတွဲထုတ်ပြန်
ဖေဖော်ဝါရီ 1, 2024 | 2021 Military Coup

 မြန်မာနိုင်ငံတွင်  အားလုံးပါဝင်နိုင်သည့် စစ်မှန်သောဒီမိုကရေစီစနစ်တစ်ခုပေါ်ထွက်လာရေးအတွက်  မြန်မာပြည်သူများထားရှိသည့် ဆန္ဒလိုလားချက်တို့နှင့်အတူ တစ်သားတည်း ဆက်လက်ရပ်တည်လျက်ရှိကြောင်း စစ်အာဏာသိမ်းမှု (၃)နှစ်ပြည့်နေ့ဖြစ်သည့် ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ဥရောပသမဂ္ဂနှင့် နိုင်ငံ (၈)နိုင်ငံက သဘောထားကြေညာချက်တစ်စောင် ပူးတွဲထုတ်ပြန်သည်။

 ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စုတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၏ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်မြောက်ခြင်းအပေါ် ပူးတွဲထုတ်ပြန်ကြေညာချက်အဖြစ် ထုတ်ပြန်လာခြင်းဖြစ်သည်။

"စစ်အာဏာရှင်အဖွဲ့အစည်းက ဆက်လက်ကျူးလွန်လျက်ရှိသည့် ကြမ်းကြုတ်ရက်စက်သည့် လုပ်ဆောင်ချက်များနှင့် လိင်ပိုင်းဆိုင်ရာနှင့် ကျား/မအခြေပြုအကြမ်းဖက်မှု၊ ငြိမ်ချမ်းစွာဆန္ဒပြခြင်းနှင့် သတင်းမီဒီယာများမ လွတ်လပ်စွာထုတ်ဖော်ခွင့်အပါအဝင် အခြေခံကျသောလွတ်လပ်ခွင့်များကို ကန့်သတ်ခြင်းကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို အပြင်းထန်ဆုံးသောအနေအထားဖြင့်  မိမိတို့ ရှုတ်ချပါသည်။ ကာကွယ်ရေးဦးစီးချုပ်နှင့် စစ်တပ်ကို ဦးတည်ချက်လမ်းစဉ် ပြောင်းလဲလုပ်ဆောင်ရန်၊  အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများချက်ချင်း ရပ်တန့်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ အပြည့်အဝပေးအပ်ခွင့်ပြုရန်နှင့် သက်ဆိုင်သူအားလုံးနှင့်အတူ အများပါဝင်နိုင်သည့်တွေ့ဆုံဆွေးနွေးမှုအတွက် အခင်းအကျင်းပေါ်ပေါက်လာအောင်ဖန်တီးပေးရန် မိမိတို့ ထပ်မံတောင်းဆိုပါသည်။ “ဟု တောင်းဆိုထားသည်။

ဆယ်စုနှစ်တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုန်းစေခဲ့သည့် စစ်အာဏာသိမ်းမှုကို ဖြေရှင်းရေးအတွက် အာဆီယံအဖွဲ့အစည်း၏ ကြိုးပမ်းမှုဖြစ်သည့် ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖေါ်ရေးအတွက် စစ်အာဏာရှင်အဖွဲ့အစည်းကို တောင်းဆိုသည်ဟုလည်း ဖေါ်ပြထားသည်။

ယင်းအပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂) ကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရန်၊ အာဆီယံအဖွဲ့အစည်း၏ အားထုတ်ကြိုးပမ်းမှုများကို ထောက်ခံအားပေးသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ လှုပ်ရှားဆောင်ရွက်မှုများကိုလည်း ဆက်လက်အားပေးထောက်ခံပြီး ကုလအနေဖြင့် အရှိန်မြှင့်လုပ်ဆောင်ရန်ကိုလည်း တိုက်တွန်းထားသည်ကို တွေ့ရသည်။

လူထောင်ပေါင်းများစွာ ထောင်ချခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်းများစသည့် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ မြင့်မားလာခဲ့သည့်အပြင် 

နေအိမ်၊ ကျောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာအဆောက်အအုံများနှင့် ဝတ်ပြုကိုးကွယ်သောနေရာများအပါအဝင် အရပ်သားပြည်သူများ အသုံးပြုသည့် အခြေခံအဆောက်အအုံများကို လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများနှင့် မီးရှို့ခြင်းများကို ပြုလုပ်နေသည့် စစ်တပ်၏ လုပ်ရပ်များကြောင့် လူပေါင်း (၂.၆) သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ကြရပြီး လူပေါင်း (၁၈) သန်းကျော် အကူအညီလိုအပ်နေသည်ဟုလည်း ထုတ်ပြန်ချက်က ဖေါ်ပြသည်။  



စစ်အာဏာရှင်ဘေးမှ  ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသော ဒုက္ခသည်များအတွက် အပူတပြင်းလိုအပ်လျက်ရှိသည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ပေးအပ်ရန်၊ မြန်မာစစ်တပ်မှ ရက်စက်ကြမ်းကြုတ်သော လုပ်ဆောင်ချက်များဆောင်ရွက်ရန် လိုအပ်သည့် လက်နက်နှင့် စက်ပစ္စည်းကိရိယာများရရှိမှု ရပ်တန့်သွားအောင်ဆောင်ရွက်ရန် အစရှိသည့် အားထုတ်လုပ်ဆောင်မှုများတွင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အဖွဲ့ဝင်နိုင်ငံများအားလုံး ထောက်ခံအားပေးပါဝင်ကြရန်ကိုလည်း တိုက်တွန်းတောင်းဆိုထားသည်။