မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းတွင် တပ်ပြောင်းစစ်သုံးပစ္စည်းများဖမ်းမိ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို ပြန်လွှတ်ပေး

မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းတွင် တပ်ပြောင်းစစ်သုံးပစ္စည်းများဖမ်းမိ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို ပြန်လွှတ်ပေး

မွန်ပြည်နယ် မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမတွင် ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ခမရ(၄၀၆)၏ တပ်ပြောင်းပစ္စည်းများတင်ဆောင်လာသော ကားတစ်စီးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရေးမြို့နယ်အတွင်းရှိ ကနင်ကမော့နှင့် အောင်သာယာကြား ပရယ်သားနေရာ၌ KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ စစ်ဆေးနေစဉ် ခမရ(၄၀၆)တပ်ပြောင်းအတွက် စစ်သုံးပစ္စည်းများတင်ဆောင်လာသည့် လိုက်ထရပ်ယာဉ်တစ်စီးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ်(၃)စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်းက သတင်းထုတ်ပြန်ထားသည်။ 

ဖမ်းဆီးရမိသည့် ပစ္စည်းများမှာ လိုက်ထရပ်ယာဉ်နှင့်အတူ စစ်ယူနီဖောင်း၊ စစ်ဝတ်တန်ဆာပလာ၊ ဆိုင်ကယ်နှစ်စီး၊ အိုးခွက်ပန်းကန်၊ အဝတ်အစား၊ ရေခဲသေတ္တာနှင့် စာရွက်စာတမ်းအချို့ ပါဝင်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိသည့်ပစ္စည်းများကို သိမ်းဆည်းခဲ့ကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား စစ်ဆေးပြီးနောက် ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈)ပြည်ထောင်စုကားလမ်းမကြီးကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားကာ နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးအရ စစ်ဆေးခြင်းကို နေ့စဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။

မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းအတွင်း သွားလာနေသည့် မော်တော်ယာဉ်များအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သူများ၊ ပစ္စည်းတင်ဆောင်ခြင်းများ မပြုလုပ်ရန်၊ ပြည်သူများလည်း စစ်ကောင်စီတပ်ယာဉ်များနှင့် လိုက်ပါစီးနင်းခြင်းမျိုးမပြုလုပ်ကြရန် ထပ်မံတိုက်တွန်းထားသည်။

#TachileikNewsAgency

Photo: ဒုစစ်ဒေသခွဲမှူးရုံး၊စစ်ဒေသခွဲအမှတ်-၃၊တောင်ပိုင်းတိုင်း၊ J.0.C