သံတွဲမြို့ လေဆိပ်ကို AA သိမ်းပိုက်ရာ ဗျူဟာမှူးတစ်ဦးကို ဖမ်းမိ

သံတွဲမြို့ လေဆိပ်ကို AA သိမ်းပိုက်ရာ ဗျူဟာမှူးတစ်ဦးကို ဖမ်းမိ

ရခိုင်ပြည်နယ် သံတွဲမြို့  ငပလီကမ်းခြေရှိ လေဆိပ်အား အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရာ ဗျူဟာမှူး တစ်ဦးကို ဖမ်းမိကြောင်း စစ်ရေးသတင်းအမြစ်ထံမှ သိရသည်။

သံတွဲလေဆိပ်ကို AA က ၂၀၂၄ ခုနှစ် ဇွန်လ (၂၃)ရက်နေ့က ပိတ်ဆို့ထားရာက ယနေ့ ဇွန်လ (၂၄)ရက်နေ့ နံနက်ပိုင်းတွင် အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“သိမ်းတဲ့အချိန်မှာ ဖမ်းမိတာတွေရှိတယ်။ အဲဒါကြောင့် သိမ်းပြီးတာနဲ့ အဲဒီနေရာကို မပစ်တာ။ ဗျူဟာမှူးလည်း မိတဲ့အထဲပါတယ်။ အသေးစိတ်ကိုတော့ မပြောနိုင်သေးဘူး။”ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

ဗျူဟာမှူးဖမ်းမိသည့်သတင်းကိုမူ Tachileik News Agency က သီးခြားအတည်မပြုနိုင်ပါ။

“သံတွဲတိုက်ပွဲက ပြီးခဲ့တဲ့ရက်တွေက တိုင်းမှူးကိုယ်တိုင်ပါ လေဆိပ်မှာထိုင်ပြီး ကွပ်ကဲခဲ့တာရှိတယ်။ အခုတော့ တိုင်းမှူးလည်း သတင်းပျောက်နေတာ ကြာပြီ။ လူပြောများနေတဲ့ လေယာဉ်နှစ်စီးကိစ္စကတော့ မဟုတ်ဘူး။ အတည်မပြုနိုင်ဘူး။”ဟု ၎င်းကဆက်ပြောသည်။

သံတွဲတွင် စစ်ရှုံးနေသဖြင့် စစ်ကောင်စီတပ်ဘက်က စစ်သင်တန်းပေးထားသည့် ပြည်သူ့စစ်များကို စည်းရုံးကာ တိုက်ခိုင်းခဲ့သော်လည်း ပြည်သူ့စစ်များ ထွက်ပြေးသည်ဟုလည်း သတင်းထွက်နေသည်။

ယမန်နေ့ ညပိုင်းကစတင်၍ လေဆိပ်အနီးရှိ ခမရ(၅၆၆)တပ်ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ပြီး စစ်ကောင်စီတပ် Navy မှ လက်နက်ကြီးများနှင့် လှမ်းပစ်ကူနေသည်ဟု သိရသည်။

ဂျိတ္တော၊ မြပြင်၊ လင်းသာတို့မှ ပြည်သူများလည်း ဂွ၊ ကျိန္တလီမြို့နယ်ဘက်သို့ တိမ်းရှောင်ရန်ပြင်ဆင်နေကြပြီး လုံးသာ၊ သံတွဲလမ်းမမှာ သွားလာရမလွယ်ကူတော့၍ မြိုရှောင်လမ်းကို အသုံးပြုနေကြရသည်ဟု သိရသည်။

#TachileikNewsAgency