ဆားလင်းကြီးမြို့နယ်ရှိ ကျားတက်ရွာရဲစခန်းကို စစ်ကောင်စီတပ်များစွန့်ခွာ

ဆားလင်းကြီးမြို့နယ်ရှိ ကျားတက်ရွာရဲစခန်းကို စစ်ကောင်စီတပ်များစွန့်ခွာ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာရဲစခန်းအား စစ်ကောင်စီတပ်ဖွဲ့များ ယမန်နေ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် စွန့်ခွာသွားသဖြင့် သိမ်းဆည်းရရှိခဲ့ကြောင်း Salingyi Special Task Force–SSTFထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့ကလည်း ကျားတက်ကျေးရွာအတွင်းသို့လာသည့် စစ်ကောင်စီတပ်များကို ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ရဲစခန်းမှူးအပါ (၇)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၇)ဦး သေပြီးနောက် ကျားတက်ရဲစခန်းအတွင်း ကျန်ရှိနေသည့် စစ်ကောင်စီတပ်သားများအား Salingyi Special Task Force-SSTF (Shar Htoo Waw) နည်းပညာတပ်ဖွဲ့ Team(4)နှင့် Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team (3) PDAF ကောင်းကင်သူရဲကောင်း ညီနောင်(၂)ဖော်မှ  ဒရုန်းဖြင့် ထပ်မံဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စခန်းအတွင်းသို့ ဗုံးသီးချတိုက်ခိုက်မှုကြောင့် အထိနာသွားသည့် စစ်ကောင်စီတပ်သည် မုံရွာ နမခ မှ MI 35 ဖြင့် လာရောက်ပစ်ခတ်ကူညီခဲ့သည့်အပြင် ပုလဲမြို့သို့ရောက်ရှိနေသောစစ်ကြောင်းမှ ကျားတက်ဘက်သို့ စစ်ကူလာခြင်းကြောင့် စစ်ကောင်စီတပ်သားများထံမှ MA 1 (၂)လက်၊ MA 3 (၁)လက်၊ G4 (၁)လက်၊ လက်ပစ်ဗုံး (၅)လုံး၊ အီနာဂါဗုံးသီး (၁)လုံးနှင့် စစ်အသုံးအဆောင်ပစ္စည်းများ၊ ကျည်များသိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။ 

တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က တပ်ခွဲမှုးတစ်ဦး ခြေထောက်လက်နက်ကြီးအစ အနည်းငယ်ထိမှန်ဒဏ်ရာရပြီး တိုက်ပွဲကြားတွင်ရောက်ရှိနေသော အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်က သတ်သွားကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း ကျားတက်ကျေးရွာအတွင်း စစ်ကောင်စီတပ်မှ တပ်ကြပ်တစ်ဦးအပါအဝင် (၃)ဦးကို ဒေသကာကွယ်ရေးတပ်များက ပစ်ခတ်ခဲ့ရာ သေနတ်(၂)လက် သိမ်းဆည်းရရှိခဲ့သည်။

#TachileikNewsAgency