ဘန်ကောက်မြို့လယ် ရှော့ပင်းမောလ်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ (၂) ဦးတွင် မြန်မာတစ်ဦး ပါဝင်

ဘန်ကောက်မြို့လယ် ရှော့ပင်းမောလ်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ (၂) ဦးတွင် မြန်မာတစ်ဦး ပါဝင်
အောက်တိုဘာ 4, 2023 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ Siam Paragon ရှော့ပင်းမောလ်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ (၂) ဦးတွင် မြန်မာတစ်ဦး ပါဝင်ကြောင်း သိရသည်။

 ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၃) ရက်နေ့၏ ဒေသစံတော်ချိန် ညနေ (၄) နာရီဝန်းကျင်က Siam Paragon ရှော့ပင်းမောလ်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

ရှောပင်းမောလ်အတွင်း သေနတ်ဖြင့် ရမ်းကားပစ်ခတ်ခဲ့သည့် အသက် (၁၄) နှစ်အရွယ် ယောက်ျားလေးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ရှော့ပင်းမောလ်အတွင်း လူ (၇) ဦး ပစ်ခတ်ခံရခြင်းဖြစ်ပြီး (၂) ဦး သေဆုံးကာ (၅) ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် ဒဏ်ရာရသူများအနက် (၂) ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည်။

 သေဆုံးသူ (၂) ဦးမှာ တရုတ်နိုင်ငံသူ အမျိုးသမီးနှင့် မြန်မာနိုင်ငံသူ အမျိုးသမီးတို့ ဖြစ်ကြောင်း ထိုင်းရဲချုပ် ရဲဗိုလ်ချုပ်ကြီး Torsak Sukvimol က သတင်းထောက်များကို အတည်ပြုခဲ့သည်။ 

ဒဏ်ရာရသူများအနက် ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားများ ပါဝင်ကြောင်း Bangkok Emergency Center ၏ ညွှန်ကြားရေးမှူး ဒေါက်တာ Yutthana Setthanan က ပြောသည်။

မြန်မာအမျိုးသမီးမှာ သေနတ်ဒဏ်ရာဖြင့် ရဲတပ်ဖွဲ့ဆေးရုံ Police General Hospital တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

အသက် (၃၄) နှစ်အရွယ် တရုတ်အမျိုးသမီးမှာ ရှော့ပင်းမောလ်၏ မြေညီထပ်တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။ 

ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ (၃) ဦး ကို King Chulalongkorn Memorial ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ 

၎င်းတို့အနက် အမျိုးသမီးတစ်ဦးမှာ ဦးခေါင်းတွင် ပစ်ခတ်ခံရပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်းနှင့် အခြား ထိုင်းအမျိုးသားတစ်ဦးနှင့် တရုတ်အမျိုးသမီးတစ်ဦးတို့မှာ အခြေအနေ တည်ငြိမ်မှုရှိကြောင်း Bangkok Post သတင်းက ဖော်ပြသည်။

နောက်ထပ် ဒဏ်ရာရသူ အသက် (၂၈) နှစ်အရွယ် လာအိုအမျိုးသမီးကို Bangkok Christian ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဒဏ်ရာပြင်းထန်ကာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေဟု ဆိုသည်။ 

ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့သည့် ထိုင်းအမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၎င်းမှာ အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်း သိရသည်။

ပစ်ခတ်မှုကျူးလွန်ခဲ့သည့် ဆယ်ကျော်သက်ကို စစ်ဆေးမေးမြန်းရန် Pahtumwan ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော်လည်း ၎င်းမှာ စိတ်အခြေအနေ ပုံမှန်မဟုတ်ဘဲ နားထဲတွင် လူများကို ပစ်ခတ်ရန် ပြောဆိုသံများ ကြားနေရသည်ဟု ပြောနေကြောင်း ရဲဗိုလ်ချုပ်ကြီး Torsak က ပြောသည်။ 

ရှော့ပင်းမောလ်အတွင်း ပစ်ခတ်ခဲ့သည့် ဆယ်ကျော်သက် ယောက်ျားလေးမှာ ယခင်က စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာအတွက် Rajavithi ဆေးရုံတွင် ကုသမှုခံယူခဲ့ရဖူးကြောင်း သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ (၃) ရက် ဒေသစံတော်ချိန် ညနေ (၄) နာရီ (၁၀) မိနစ်တွင် Siam Paragon ရှော့ပင်းမောလ်၏ သန့်စင်ခန်းအတွင်းမှ သေနတ်သံ စတင်ကြားခဲ့ရပြီးနောက် ဆယ်ကျော်သက် သေနတ်သမားက သန့်စင်ခန်းထဲမှ ထွက်လာပြီး ဆက်လက် ပစ်ခတ်နေခဲ့သည်။ 

ထို့နောက် ညနေ (၄) နာရီ (၂၅) မိနစ်တွင် ၎င်းက ရှော့ပင်းမောလ်၏ ဒုတိယထပ်သို့ တက်ရောက်သွားခဲ့ပြီး ဆက်လက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ဆယ်ကျော်သက် သေနတ်သမားက စက်လှေခါးစီးပြီး တတိယထပ်သို့ တက်ရောက်သွားခဲ့ကာ တွေ့ရာမြင်ရာကို ပစ်ခတ်နေခဲ့သည်ဟု ဆိုသည်။

 နောက်ဆုံးတွင် ရဲတပ်ဖွဲ့က ရှော့ပင်းမောလ်၏ တတိယထပ်ရှိ ပရိဘောဂပစ္စည်းအရောင်းဆိုင်အတွင်း ၎င်းကို ပိတ်ဆို့ ဖမ်းဆီးခဲ့သည်။

ထိုင်းနိုင်ငံတွင် အရပ်သား (၁၀.၃) သန်းကျော်က သေနတ်ကိုင်ဆောင်ထားကြောင်း သို့မဟုတ် လူ (၁၀၀) လျှင် သေနတ် (၁၅) လက်ဝန်းကျင် ဖြစ်ကြောင်း ဆွစ်ဇာလန်အခြေစိုက် Small Arms Survey (SAS) ၏ ၂၀၁၇ ခုနှစ် အချက်အလက်များအရ သိရသည်။ 

ထိုသေနတ်များအနက် (၆.၂) သန်းခန့်မှာ တရားဝင် မှတ်ပုံတင်ထားကြောင်း SAS က ဆိုသည်။

‌Source: Bankok Post, CNN

Photo: POLICETV, IDMB,