အမေရိကန်က ယူကရိန်းကို စစ်ရေးအကူအညီပေးမှုနှင့် ပတ်သက်ပြီး ရုရှားက တရားဝင် ကန့်ကွက်ခဲ့ပြီး ခေတ်မီလက်နက်ပေးပို့မှုများ ရှေ့ဆက်လုပ်ဆောင်ပါက မခန့်မှန်းနိုင်သည့် အကျိုးဆက်များရှိလာနိုင်သည်ဟု သတိပေးထားကြောင်း အမေရိကန်မီဒီယာက ဖော်ပြသည်။
အမေရိကန်နှင့် NATO က ယူကရိန်းအတွက် ရုရှားနှင့် စစ်ပွဲတွင် အသုံးပြုရန် လက်နက်များပေးပို့နေခြင်းကို ယခုသီတင်းပတ်အတွင်း သံတမန်မှတ်စုတစ်ခုတွင် ရုရှားက သတိပေးထားသည်ဟု ဆိုသည်။
ထိုသို့ လက်နက်များပေးပို့ခြင်းက အခြေအနေကို ပိုဆိုးစေပြီး မခန့်မှန်းနိုင်သည့် အကျိုးဆက်များရှိလာနိုင်ကြောင်း ရုရှားက သတိပေးခဲ့သည်ဟု Washington Post သတင်းက ဖော်ပြထားသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းအတွက် ရဟတ်ယာဥ်များ၊ ဟောင်ဝစ်ဇာအမြောက်များနှင့် သံချပ်ကာယာဥ်များ အပါအဝင် အမေရိကန်ဒေါ်လာ သန်း ၈၀၀ တန်ဖိုးရှိ နောက်ထပ် စစ်ရေးအကူအညီပေးမည်ဟု ကတိပြုခဲ့သည့် သီတင်းပတ်မှာပင် ရုရှားဘက်က ထိုသို့ သတိပေးကြောင်း သတင်းထွက်လာခြင်းလည်း ဖြစ်သည်။
ရုရှားက သတိပေးသည့်သတင်းနှင့် ပတ်သက်ပြီး အမေရိကန်အစိုးရဘက်က မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။
"မည်သည့် ပုဂ္ဂလိကသံတမန်ပေးစာကိုမှ အတည်ပြုမှာ မဟုတ်ပါဘူး" ဟု အမေရိကန်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
"အတည်ပြုနိုင်တာကတော့ မဟာမိတ်တွေနဲ့ မိတ်ဖက်တွေနဲ့အတူ ယူကရိန်းကို ဒေါ်လာဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ လုံခြုံရေးအကူအညီ ပေးနေပါတယ်။ ယူကရိန်းက ရုရှားရဲ့ အကြောင်းမဲ့ ရန်စကျူးကျော်မှုနဲ့ ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုကနေ သူတို့ရဲ့နိုင်ငံကို ကာကွယ်ရာမှာ ထူးထူးခြားခြား ထိရောက်မှုရှိဖို့ ဒါတွေကို အသုံးပြုနေပါတယ်" ဟု ၎င်းကဆိုသည်။
အမေရိကန်အစိုးရ အရာရှိတွေကို ကိုကားပြီး New York Times သတင်းက ဖော်ပြမှုအရ ထိုသံတမန်ပေးစာကို ပုံမှန်စာပေးပို့မှုကနေ ပို့ဆောင်ခဲ့တာဖြစ်ပြီး မည်သည့် အကြီးတန်း ရုရှားအစိုးအရာရှိကမှ လက်မှတ်ရေးထိုးထားခြင်းမရှိကြောင်း သိရသည်။
တရားဝင် သံတမန်ပေးစာမှာတော့ အမေရိကန်က ယူကရိန်းအတွက် လက်ရှိ ပေးပို့နေသည့် စစ်ဘက်ဆိုင်ရာ ပစ္စည်းအထောက်အပံ့နှင့် ပတ်သက်ပြီး ရုရှားက စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားသည်ဟု အမည်မဖော်သော အမေရိကန်အစိုးရအရာရှိတစ်ဦးက CNN သတင်းဌာနကို ပြောသည်။
Source: AFP