ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကန့်ကွက်နိုင်ငံမရှိ အတည်ပြု

ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကန့်ကွက်နိုင်ငံမရှိ အတည်ပြု

 အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ကိုယ်စားပြုသည့် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂအထွေထွေ ညီလာခံက ကန့်ကွက်နိုင်ငံမရှိ အတည်ပြုလက်ခံလိုက်ပြီဖြစ်ကြောင်း သိရသည်။

“Credential Committee က တင်သွင်းတဲ့ မြန်မာနိုင်ငံကိုယ်စားပြု ဦးကျော်မိုးထွန်းအမည်တင်သွင်းမှုကို  ကုလအထွေထွေ ညီလာခံက ကန့်ကွက်နိုင်ငံမရှိ အတည်ပြုလိုက်ပါပြီ။”ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဝန်ကြီး ဦးအောင်မျိုးမင်းက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်ကို တွေ့ရသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရကို ကိုယ်စားပြုသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် တစ်နှစ် ဆက်လက်ထားရှိရန် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ Credential ကော်မတီက ဆုံးဖြတ်ခဲ့ပြီးနောက် အထွေထွေညီလာခံကို တင်ရာတွင် ကန့်ကွက်နိုင်ငံမရှိ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် အမေရိကန်၊ ရုရှား ၊ တရုတ် တို့အပါအဝင် နိုင်ငံ (၉) နိုင်ငံပါဝင်သည့် ကုလသမဂ္ဂ Credential ကော်မတီက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ရွေးချယ်ရာတွင် ယခင်က ရုရှား၏ ကန့်ကွက်မှုရှိခဲ့သော်လည်း ယမန်နေ့က ဆုံးဖြတ်ရွေးချယ်နိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့၏ ကိုယ်စားလှယ်ကို ကုလတွင် မြန်မာကိုယ်စားပြုထားရေး စေလွှတ်နိုင်ရန် အာဏာသိမ်းပြီးကတည်းကကြိုးပမ်းနေခြင်းဖြစ်သော်လည်း ကုလအဖွဲ့ဝင်နိုင်ငံများက အမျိုးသားညီညွတ်ရေးအစိုးရ၏ သံအမတ်ကြီးကို လက်ခံလိုက်ခြင်းဖြစ်သည်။