အာဏာသိမ်း စစ်ကောင်စီက ထုတ်ဝေသည့် ငွေကျပ်နှစ်သောင်းတန် ငွေစက္ကူအား အသိအမှတ်ပြုမည် မဟုတ်ကြောင်း NUG ကြားကာလဗဟိုဘဏ်က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၇)ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းဖြစ်သော ဗဟိုဘဏ်က နှစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့မှစ၍ ရိုက်နှိပ်ထုတ်ဝေမည်ဖြစ်ကြောင်း ဇူလိုင်လ (၂၃)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါ လုပ်ရပ်သည် အဖက်ဖက်က အကြပ်တည်းဆိုက်နေသော စစ်ကောင်စီအနေဖြင့် ၎င်းတို့ သက်ဆိုးရှည်စေရန်နှင့် ပြည်သူလူထုအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ စဉ်ဆက်မပြတ် ကျူးလွန်နိုင်ရန် လိုအပ်လျက်ရှိသည့် ဘဏ္ဍာရန်ပုံငွေကို ငွေစက္ကူအမျိုးအစားသစ် စတင်ရိုက်ထုတ်ခြင်းအားဖြင့် အရေးပေါ်ဖြည့်တင်းနိုင်ရေးအတွက် အားထုတ်ဆောင်ရွက်မှုအဖြစ် မှတ်ယူသည်ဟု ဆိုသည်။
တရားမဝင် အာဏာသိမ်း စစ်ကောင်စီက ဖြစ်စေ၊ ယင်းအား ဆက်ခံသော အဖွဲ့အစည်းတခုခုကဖြစ်စေ၊ ယင်း၏ လက်အောက်ခံအဖွဲ့အစည်း တခုခုက ဖြစ်စေ ငွေစက္ကူအမျိုးအစားသစ် ရိုက်နှိပ်ထုတ်ဝေခြင်းသည် တရားဝင်မှု မရှိသော လုပ်ရပ်ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။
တရားမဝင် ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခြင်းကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်စေခြင်းသည် ပြည်သူများ၏ လုပ်အားနှင့် ချွေးနှဲစာ စုဆောင်းငွေများကို တဖက်လှည့် ခိုးယူခြင်းဖြစ်ပြီး နိုင်ငံသည် စစ်ကောင်စီ၏ အဆင်ခြင်မဲ့လုပ်ရပ်များကြောင့် ယခင်က မကြုံဖူးသည့် ပဋိပက္ခအန္တရာယ်၊ ဆင်းရဲမွဲတေမှုနှင့် ကပ်ရောဂါတို့ကို စုပြုံခံစားနေရချိန်၌ အိမ်ထောင်စုများ၊ စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်သူ လူထုအပေါ် ထပ်မံ၍ ဒုက္ခအကြပ်အတည်း ဆိုက်ရောက်စေသည့် ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေခြင်းသည် လက်ခံနိုင်ဖွယ်မရှိသော လုပ်ရပ်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ရိုက်နှိပ်ထုတ်ဝေမည့် နှစ်သောင်းကျပ်တန် ငွေစက္ကူများအား အမျိုးသားညီညွတ်ရေးအစိုးရနှင့် ယင်းအားဆက်ခံသော အစိုးရများက အသိအမှတ် ပြုမည်မဟုတ်ကြောင်းနှင့် တရားမဝင် ငွေစက္ကူများအဖြစ် သတ်မှတ်ကြေညာလိုက်သည်ဟု ထုတ်ပြန်ထားသည်။
#TachileikNewsAgency