ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်ကြောင့် ဒေသခံထောင်ချီ တိမ်းရှောင်ရပြီး အရပ်သားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်ကြောင့် ဒေသခံထောင်ချီ တိမ်းရှောင်ရပြီး အရပ်သားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး မီးရှို့ပြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အရပ်သားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးထံမှ သိရသည်။ 

၂၀၂၃ခုနှစ် ဇူလှိုင်လ (၁၅)ရက်နေ့ နံနက်ပိုင်းက ရွှေဘိုနယ်မှထွက်လာသော အင်အား(၁၀၀)ကျော်ပါသည့် စစ်ကောင်စီတပ်သည် ညပိုင်းတွင် ရေဦး-ညောင်ပင်သာ-ရွှေဘို ကားလမ်းဘေးရှိ တဲဘိုပင်ကျေးရွာအတွင်း ညအိပ်တပ်စွဲ၍ ဇူလိုင်လ (၁၆)ရက်နေ့ နံနက်(၆)နာရီဝန်းကျင်တွင် တဲဘိုပင်ကျေးရွာမှ အနောက်မြောက် ရေဦးမြို့ထံ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဝင်ရောက်လာခြင်း‌ကြောင့် သိမ်တော်၊ ကျွန်းလယ်၊ ကျွန်းဆွယ်၊ ကံကြီးကုန်း၊ မြို့သစ်၊ ရွှေယမင်းရွာ၊ အောင်သာ၊ အင်းပေါက်နှင့် သဲကုန်းကြီးရွာတို့မှ ဒေသခံထောင်ချီ ထွက်ပြေးခဲ့ရသည်ဟု သိရသည်။

ထို့အပြင် ရေဦးမြို့နှင့် (၂)မိုင်သာဝေးသည့် ခင်ဦးနယ် အင်းပတ်ကွေ့ဈေးတန်းတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်များနှင့် ရွာသစ်ကုန်းမှ ပျူစောထီး အင်အား(၃၀)ဝန်းကျင်သည် ချမ်းသာကုန်းကျေးရွာသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ဝင်ရောက်လာမှုကြောင့် ချမ်းသာကုန်း၊ အင်းပတ်၊ မရမ်းအင်း၊ ကုန်းသာ၊ ညောင်ပင်ခြံနှင့် ဆည်ကြီးရွာတို့မှ ဒေသခံထောင်ချီ ထပ်မံထွက်ပြေးနေရသည်ဟု သိရသည်။ထို့နောက် အဆိုပါ စစ်ကောင်စီတပ်သားများသည် ချမ်းသာကုန်းကျေရွာရှိ ပြည်သူပိုင်နေအိမ်များအား မွှေနှောက်ဖျက်ဆီး၍ စားသောက်ကုန်ပစ္စည်းများကို ၄င်းတို့၏ အထိုင်စခန်းသို့ ယူသွားခဲ့သည်ဟု သိရသည်။

ဒါ့အပြင် တဲဘိုပင်ကျေးရွာမှ ထွက်လာသော စစ်ကြောင်းသည်လည်း သိမ်တော်၊ ရွှေယမင်း လယ်ကြားလမ်းများမှ ရေဦး-ခင်ဦး ကားလမ်းဘေး မူးတိမ်ချောင်းတံတားတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများနှင့် ပေါင်းကာ ရွာသစ်ကုန်းရွာမှတစ်ဆင့် ရေဦးမြို့ဘက် ဦးတည်ထွက်ခွာချိန်တွင် အင်းပတ်ကွေ့ ဈေးတန်းအရောက် အင်းပတ်ကျေးရွာအတွင်းသို့ (၆၀)မမ (၂)လုံးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် စစ်ရှောင်များ နေထိုင်နေသည့် အင်းပတ်ကျေးရွာ စာသင်ကျောင်းအတွင်း ကျရောက်ခဲ့ကာ အသက်(၅၀)အရွယ် ဦးသန်းစိုး လက်နက်ကြီးထိမှန် သေဆုံးခဲ့ရပြီး အသက်(၃၀)ကျော်အရွယ် စစ်ရှောင်အမျိုးသား (၁)ဦး ထပ်မံဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

ထို့အပြင် စစ်ရှောင်မိသားစုများ၏ ခိုင်းနွားခြံအနီး ကျရောက်မှုကြောင့် နွား(၃)ကောင် သေဆုံးခဲ့ရသည့်အပြင် ရွာကိုမီးရှို့ခဲ့သေးသည်ဟု သိရသည်။

အာဏာသိမ်းပြီးချိန်မှစ၍ ယခုချိန်အထိ အင်းပတ်ကျေးရွာသည် စစ်ကောင်စီတပ်များ၏ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခံခဲ့ရမှုကြောင့် သေဆုံးသူ အရပ်သား(၂)ဦးရှိကာ (၁၅)ဦးအထိ ဒဏ်ရာရရှိထားကြောင်းလည်း သိရသည်။

#TachileikNewsAgency

Photo : ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး