CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် နှင့် အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ၏ ဒါရိုက်တာတို့ မြန်မာ့ဒီမိုကရေစီအရေး ဆွေးနွေး

CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် နှင့် အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ၏ ဒါရိုက်တာတို့ မြန်မာ့ဒီမိုကရေစီအရေး ဆွေးနွေး

အမေရိကန်အစိုးရအနေဖြင့် မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် ဆက်လက်ကူညီပေးစေလိုသည့် ကဏ္ဍများအား CRPH ဥက္ကဌက တောင်းဆို‌ တိုက်တွန်းထားကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် နှင့် NLD ဗဟိုအလုပ်ကော်မတီမှ ဦးကျော်ထွေးတို့ အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီမှ အရှေ့တောင်အာရှ ဒါရိုက်တာ Ms. Henrietta Levin နှင့်  မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် အထောက်အကူပြု အကျိုးဖြစ်ထွန်းစေမည့် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဟု CRPH က ယနေ့ ဇွန်လ(၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

အဆိုပါ တွေ့ဆုံမှုကို ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့်ပစိဖိတ်ရေးရာဌာနတာဝန်ရှိသူ Mr. Liam McGum (Burma Desk) လည်း ပူးတွဲ တက်ရောက်ခဲ့သည်ဟု ဆိုသည်။

ယင်းတွေ့ဆုံ ဆွေးနွေးမှုသည် အကျိုးရလဒ်ဖြစ်ထွန်းသည့် ဆွေးနွေးမှုဖြစ်ခဲ့ပြီး CRPH ဥက္ကဋ္ဌ သည် မြန်မာနိုင်ငံ၏ လက်ရှိပဋိပက္ခအား အမြန်ဆုံး အဆုံးသတ်နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးတွင် လိုအပ်နေသည့် ကိစ္စရပ်များ၊ အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ပြီး အမေရိကန်အစိုးရအနေဖြင့် ဆက်လက်ကူညီပေးစေလိုသည့် ကဏ္ဍများအား တောင်းဆို‌ တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

#TachileikNewsAgency