စစ်ကောင်စီ၏ တားမြစ်ပိတ်ပင်မှုများကြောင့်  ရခိုင်ဒေသကို ဝင်ရောက်ကူညီခွင့် အတည်ပြုချက်  စောင့်ဆိုင်းနေဆဲဟု UN OCHA ထုတ်ပြန်

စစ်ကောင်စီ၏ တားမြစ်ပိတ်ပင်မှုများကြောင့်  ရခိုင်ဒေသကို ဝင်ရောက်ကူညီခွင့် အတည်ပြုချက်  စောင့်ဆိုင်းနေဆဲဟု UN OCHA ထုတ်ပြန်

 

မိုခါမုန်တိုင်းသင့် ရခိုင်ဒေသကို ဝင်ရောက်ကူညီခွင့် အတည်ပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း United Nations OCHA Myanmar က ၂၀၂၃ခုနှစ်၊ မေလ( ၃၁ )ရက်နေ့တွင် သတင်းထုတ် ပြန်လာသည်။

ကချင်ပြည်နယ်ရှိ တချို့နေရာနှင့် ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့်လူဦးရေ ၁ ဒသမ ၆ သန်းကိုကူညီရန်အတွက် အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ( ၃၃၃ )သန်းကိုလည်း ထည့်ဝင်နိုင်ရန် ဆော်သြထားပြီးဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သို့သော်လည်း ထောက်ပံ့‌ရေးပစ္စည်းဖြန့်ဝေမှုများကို ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်နိုင်ရန်အတွက် ဝင်ရောက်ကူညီခွင့် အတည်ပြုချက်ကို စောင့်ဆိုင်းနေရဆဲဖြစ်သော်လည်း လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများက ယင်းတို့ ရှိပြီးသားခွင့်ပြုချက်ဖြင့် အမိုး အကာ၊ ရေနှင့်သန့်ရှင်းရေး၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ နှင့် စားနပ်ရိက္ခာများကို လက်လှမ်းမီရောက်ရှိနိုင်သည့် နေရာတိုင်းတွင် ပံ့ပိုးနေသည်ဟု ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တစ်ခုထဲမှာပင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP)က လူပေါင်း( ၁၀၇,၀၀၀ )အတွက် စားနပ်ရိက္ခာထောက်ပံ့မှုများ ပံ့ပိုးပြီးဖြစ်ကာ အိမ်ထောင်စု ( ၇,၇၀၀ )အတွက် အမိုး အကာနှင့် အခြားလိုအပ်သော ကယ်ဆယ်ရေးပစ္စည်းများကို ပံပိုးပေးခဲ့သည်ဟု သိရသည်။

ဒါ့အပြင် သောက်သုံးရေ လီတာ( ၃၀,၀၀၀ )ကျော်ကိုလည်း ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကာ နိုင်ငံအနောက်မြောက်ဖက်ပိုင်းက မုန်တိုင်းဒဏ်သင့်သူများကို အမိုးအကာများ ပြုပြင်ရန်အတွက် ငွေသားအကူအညီမျှပေးခဲ့သည့်အပြင် လူဦးရေ ( ၄,၅၀၀ ) အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးအသုံးအဆောင်များနှင့် တခြားကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့နိုင်ခဲ့သည်ဟု သိရသည်။

ရခိုင်ဒေသတွင် မုန်တိုင်းတိုက်ပြီးနောက် ( ၁၈ )ရက်ကြာသည်အထိ နိုင်ငံတကာအကူအညီများကို ဝင်ခွင့်မပေးသေးသည့် စစ်ကောင်စီကြောင့် ရခိုင်ဒေသတွင်း၌ အကူအညီများမရရှိပဲ ပြန်လည်ထူ ထောင်ရေးများ အချိန်ပိုကြာနိုင်သည်ဟုလည်း ဒေသတွင်း ပရဟိတလုပ်ဆောင်နေသူများက ပြောသည်။

ထို့ကြောင့် ရခိုင်အရပ်ဖက်အဖွဲ့အစည်းများက နိုင်ငံတကာအကူအညီများ အမြန်ဆုံးထောက်ပံ့ပေးရန်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းမျာကို ကန့်သတ်၊ ပိတ်ခြင်းမလုပ်ရန် မေလ(၂၉)ရက်နေ့က တောင်းဆိုထားသေးသည်။

လက်ရှိတွင် ဒေသတွင်း ကူညီရေးအလှူရှင်များ၏ ထောက်ပံ့မှုကိုပင် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းနှစ်ခုလုံး၌ စစ်ဆေးရေးတင်းကြပ်ထားသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းကြောင့် လူတစ်သန်းကျော် ထိခိုက် နစ်နာခဲ့ရပြီး စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဌားကျွန်း၊ ကျောက်တော်၊ ပေါက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့နယ်တို့တွင် ပျက်စီးဆုံးရှုံးမှုများခဲ့ကြောင်း သိရသည်။

 

Photo: United Nations OCHA Myanmar