ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲအနိုင်ရ Move Forward Party (MFP) ပါတီက ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် ပြန်လည် စာရင်းထည့်သွင်းသွားမည့် ၎င်း၏ အစီအစဥ်ကို ထပ်မံအတည်ပြုလိုက်ပြီး စိုက်ပျိုးသူများနှင့် ရောင်းချသူများကို အကာအကွယ်ပေးသွားမည်ဟု ဆိုသည်။
MFP ဒုတိယခေါင်းဆောင် Srikanya Tansakun က သူမ၏ ပါတီအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန စည်းမျဥ်းအသစ်ဖြင့် ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းတွင် ပြန်ထည့်သွင်းရန် ရည်ရွယ်ထားကြောင်း ၂၀၂၃ခုနှစ် မေလ (၂၅) ရက်နေ့တွင် ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာန စည်းမျဥ်းအသစ်က ဆေးခြောက်အသုံးပြုမှု ထိရောက်စွာ ထိန်းချုပ်ရန် မူးယစ်ဆေးဝါးနှိမ်နင်းရေးတွင် ပါဝင်လုပ်ကိုင်နေသော ရဲတပ်ဖွဲ့နှင့် အစိုးရတာဝန်ရှိသူများကို လုပ်ပိုင်ခွင့်ပေးသွားမည်ဟု ဆိုသည်။
၂၀၂၂ ခုနှစ်တွင် ဆေးခြောက်ကို ရာဇဝတ်ပြစ်မှုအဖြစ်မှ ပယ်ဖျက်လိုက်ပြီးနောက်ပိုင်း ဆေးခြောက်သုံးစွဲမှု၊ စိုက်ပျိုးမှု၊ ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းတင်သွင်းမှုတို့ကို ထိန်းချုပ်ကြပ်မတ်သည့် ဥပဒေမရှိခြင်းက အစိုးရတာဝန်ရှိသူများ၏ အလုပ်ကို အနှောင့်အယှက်ဖြစ်စေကြောင်း Srikanya က ပြောခဲ့သည်။
ဆေးခြောက်ကို ရာဇဝတ်ပြစ်မှုအဖြစ်မှ ပယ်ဖျက်ခြင်း၏ မူလရည်ရွယ်ချက်မှာ ဆေးဘက်ဆိုင်ရာသုံးအဖြစ် အားပေးရန်နှင့် ဆေးဝါး၊ အစားအသောက်နှင့် အဖျော်ယမကာထုတ်လုပ်ရေး အပါအဝင်တို့တွင် အသုံးပြုမှုများနှင့်အတူ စီးပွားရေးသီးနှံတစ်ခု ဖြစ်စေရန်ဟု ဆိုသည်။
သို့သော် ထိန်းချုပ်ကြပ်မတ်သည့် ဥပဒေတစ်ရပ် မရှိခြင်းကြောင့် ဆေးခြောက်ကို အပန်းဖြေသုံးအဖြစ် သုံးစွဲမှုများ များပြားလာခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန စည်းမျဥ်းအသစ် သက်ရောက်လာချိန်တွင် ဥပဒေနှင့်အညီ ဆေးခြောက်စိုက်ပျိုးရေးကို အကာအကွယ်ပေးရန် ဥပဒေပြဌာန်းမှုရှိလာမည်ဟုလည်း Srikanya က ပြောသည်။
"ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်သူတွေက ထိခိုက်မှာမဟုတ်ဘူးလို့ ကျမတို့ အတည်ပြုပါတယ်။ စိတ်ချနေလို့ရပါတယ်" ဟု သူမက ဆိုသည်။
ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် ပြန်လည် စာရင်းသွင်းမှုမှာ MFP ပါတီ၏ မူဝါဒတစ်ရပ်လည်း ဖြစ်သည်။
၂၀၂၃ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီက အခြား မဟာမိတ်ပါတီများဖြစ်သည့် Pheu Thai ၊ Prachachat ၊ Thai Sang Thai, Seri Ruam Thai (Thai Liberal) ၊ Fair ၊ Plung Sungkom Mai (New Force) နှင့် Pheu Thai Rumphlang တို့နှင့် ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရဖွဲ့ရန် စီစဥ်နေသည်။
ထိုင်းနိုင်ငံ၏ အစိုးရအဖွဲ့သစ်ကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ဒုတိယပတ်တွင် အတည်ပြု ခန့်အပ်ရန် မျှော်မှန်းထားကြောင်း ယာယီအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Anucha Burapachaisri က မေလ (၂၃) ရက်နေ့တွင် ပြောထားသည်။
Source: Bangkok Post