ထိုင်းနိုင်ငံ၏ ပြည်နယ် (၂၆) ခုတွင် ရုတ်တရက် ရေကြီးမှုများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထား

ထိုင်းနိုင်ငံ၏ ပြည်နယ် (၂၆) ခုတွင် ရုတ်တရက် ရေကြီးမှုများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထား
By Mr John

 ထိုင်းနိုင်ငံအတွင်း ပြည်နယ်ပေါင်း(၇၀)ကျော်အနက် ပြည်နယ် (၂၆) ခုတွင် ၂၀၂၄ ခုနှစ် မေလ (၁၈) ရက်နေ့မှ (၂၅) ရက်နေ့အထိ ရုတ်တရက် ရေကြီးမှုများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။ 

ဘန်ကောက်မြို့တော်အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ Bangkok Metropolitan Administration (BMA) ကလည်း မြို့တော်၏ ရေနုတ်မြောင်းစနစ်ကို ရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေပြီး မြို့အနှံ့တွင် ရေစုပ်စက်များ ဖြန့်ကျက်တပ်ဆင်ထားကြောင်း သိရသည်။

မြောက်ပိုင်း နှင့် တောင်ပိုင်းမှ ပြည်နယ် (၁၁) ခုစီနှင့် အလယ်ပိုင်းဒေသမှ ပြည်နယ် (၄) ခု အပါအဝင် ပြည်နယ် (၂၆) ခုတွင် (၇) ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမည်ဟု ခန့်မှန်းထားကြောင်း ထိုင်းအစိုးရ လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် Karom Phonphonklang က ၂၀၂၄ ခုနှစ် မေလ (၁၈) ရက်နေ့တွင် ပြောသည်။ 

မိုးသည်းထန်မှုကြောင့် ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။

ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေးဌာနက အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့များကို အသင့်ပြင်ဆင်ခိုင်းထားပြီး ရေကြီးရေလျှံမှု ဖြစ်ပွားတတ်သည့် ဒေသများတွင် ကူညီရန် ပစ္စည်းကိရိယာများ ချထားကြောင်း သိရသည်။ 

ရေကြီးရေလျှံမှု ဖြစ်တတ်သည့် ဒေသများရှိ ဒေသခံများ အနေဖြင့် မိုးလေဝသ ခန့်မှန်းချက်များနှင့် သတိပေးချက်များကို စောင့်ကြည့်ကြရန်၊ လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန်နှင့် ဘေးအန္တရာယ်ကင်းရေး အာဏာပိုင်၏ အကြုံချက်များကို လိုက်နာကြရန် တိုက်တွန်းထားသည်။

ထိုင်းမိုးလေဝသဌာနက နောက်ဆုံး ထုတ်ပြန်ထားသည့် ခန့်မှန်းချက်အရ လေတိုက်ခတ်မှု အပြောင်းအလဲကြောင့် ၂၀၂၄ ခုနှစ် မေလ (၁၈) ရက်နေ့မှစ၍ နိုင်ငံတဝန်း မိုးရွာသွန်းမှုနှင့် မိုးသက်မုန်တိုင်းများ ပိုမို ဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

 အက်ဒမန်ပင်လယ်ပြင် (Andaman Sea) တွင် ၂၀၂၄ ခုနှစ် မေလ (၂၀) ရက်နေ့မှ (၂၆) ရက်နေ့အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်မှုကို စောင့်ကြည့်နေကြောင်း မိုးလေဝသဌာနက ပြောသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းကြောင့် နိုင်ငံ၏ နေရာဒေသ အများအပြား အထူးသဖြင့် အက်ဒမန်ပင်လယ်ပြင် ကမ်းရိုးတန်းတစ်လျှောက် ပြည်နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားသည်။ 

ထိုအတောအတွင်း ဘန်ကောက်မြို့တော်တွင်လည်း ရေနုတ်မြောင်းစနစ် ရှင်းလင်းခြင်းနှင့် ရေကြီးရေလျှံမှု ဖြစ်တတ်သည့် နေရာများကို စောင့်ကြည့်ခြင်း အပါအဝင် မိုးရာသီအတွက် ကြိုတင်ပြင်ဆင် လုပ်ဆောင်နေကြောင်း BMA လက်ထောက် အမြဲတမ်းအတွင်းဝန် Narong Rueangsri က ပြောသည်။

 

Source: Bangkok Post