ထိုင်း -မြန်မာနယ်စပ်မှ မူးယစ်ဆေးပြား ၃ သန်းကျော် သယ်လာသူနှစ်ဦးကို ဖမ်းမိ

ထိုင်း -မြန်မာနယ်စပ်မှ မူးယစ်ဆေးပြား ၃ သန်းကျော် သယ်လာသူနှစ်ဦးကို ဖမ်းမိ
သြဂုတ် 19, 2022 | နိုင်ငံတကာသတင်း
By Tachileik News Agency

ထိုင်း - မြန်မာနယ်စပ်မှနေ၍ မူးယစ်ဆေးပြား ၃ သန်းကျော် သယ်လာသူနှစ်ဦးကို ထိုင်းစစ်တပ်က ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၉)ရက်နေ့ နံနက်အစောပိုင်းတွင် ဖမ်းမိလိုက်ကြောင်း သိရသည်။

နယ်စပ်မှ မူးယစ်ဆေးများသယ်မည့်သတင်းရထားသည့်အတွက် ကြိုတင်စောင့်ဆိုင်းနေကြစဉ် နံနက်အစောပိုင်း ၁ နာရီမထိုးမီအချိန်တွင် ချင်းမိုင်သို့သွားမည့်လမ်းမှ စစ်ဆေးရေးဂိတ်သို့ရောက်လာသည့် မော်တော်ယာဉ်တစ်စီးအား မောင်းပြေးသွားကြောင်း သိရသည်။

ထိုင်းစစ်တပ်က နောက်မှလိုက်ဖမ်းရာ နောက်ထပ်စစ်ဆေးရေးဂိတ်တစ်ခုအရောက်တွင် ဘီးများပြားနေသည့် မော်တော်ယာဉ်နှင့် ယာဉ်ပေါ်ပါသူနှစ်ဦးကိုသာတွေ့ရပြီး  မူးယစ်ဆေးမတွေ့ရကြောင်း သိရသည်။

အဆိုပါ နှစ်ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ဂိတ်နှစ်ဂိတ်ကြား လမ်းဘေးဝဲယာအားလိုက်စစ်ရာ လမ်းဘေးတွင် ပစ်ထားသည့် ဆာလာအိတ်ကြီး (၈)လုံးကို တွေ့ရပြီး အဆိုပါအိတ်များအတွင်းမှ မူးယစ်ဆေးဝါးများတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် နယ်စပ်ကင်းလှည့်အဖွဲ့က မယ့်အိုင်း မြန်မာနယ်စပ်အနီးတွင် နောက်ထပ် ဆာလာအိတ် (၅)လုံးထပ်တွေ့ရသည်ဟု သိရသည်။

အဆိုပါအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၃)သန်းကျော်ကို စစ်ဆေးတွေ့ရသဖြင့် သယ်လာသူနှစ်ဦးကို အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

Source: Bangkok Post