အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် လူသေဆုံးမှုများရှိခဲ့ပြီး အပျက်အစီးများစွာ ဖြစ်ပေါခဲ့သည့် ဟာရီကိန်းမုန်တိုင်း Ian က ဒုတိယအကြိမ် ကုန်းတွင်းပိုင်းကို ဝင်ရောက်မှုအဖြစ် တောင်ကာရိုလိုင်းနားပြည်နယ်သို့ ဦးတည်နေကြောင်း သိရသည်။
ဖလော်ရီဒါပြည်နယ်တွင် မုန်တိုင်းဖြတ်သန်းပြီးနောက် ရေကြီးမှုနှင့် အပျက်အစီးများကြောင့် ပိတ်မိနေသူများထံသို့ ရောက်ရှိကယ်ဆယ်နိုင်ရန် ကယ်ဆယ်ရေးသမားများ ကြိုးပမ်းနေခဲ့ကြရသည်။
ဟာရီကိန်း Ian မှာ ဖလော်ရီဒါတစ်လျှောက် ဖြတ်သန်းတိုက်ခတ်နေစဥ် အပူပိုင်းမုန်တိုင်းအဖြစ် အားလျော့သွားခဲ့ရာမှ အတ္တလန္တိတ်သမုဒ္ဒရာအထက်တွင် တည်ရှိနေပြီး တောင်ကာရိုလိုင်းနားပြည်နယ်သို့ ဦးတည်ရွေ့လျားလာစဥ် Category 1 အဆင့် ဟာရီကိန်းမုန်တိုင်းအဖြစ် အားပြန်ကောင်းလာခဲ့သည်။
ထိုမုန်တိုင်း၏ အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၈၅) မိုင်ဖြစ်ကြောင်း အမေရိကန်ဟာရီကိန်းစင်တာ National Hurricane Center (NHC) က စက်တင်ဘာလ (၃၀) ရက်တွင် ထုတ်ပြန်သည်။
ဟာရီကိန်း Ian က မြေနိမ့်နေရာတွင် တည်ရှိသည့် တောင်ကာရိုလိုင်းနားပြည်နယ် Charleston မြို့အနီး ကုန်းတွင်းပိုင်းကို ဒေသစံတော်ချိန် စက်တင်ဘာလ (၃၀) ရက် မွန်းလွဲ (၂) နာရီခန့်တွင် ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။
မုန်တိုင်းကြောင့် အသက်အန္တရာယ်ရှိသည့် ရေကြီးမှု၊ မုန်တိုင်းဒီရေမြင့်တက်မှုနှင့် လေပြင်းတိုက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။
ဂျော်ဂျီယာပြည်နယ်မှ မြောက်ကာရိုလိုင်းနားအထိ မိုင်ပေါင်းရာနှင့်ချီ ရှည်လျားသော ကမ်းရိုးတန်းတစ်လျှောက်တွင် ဟာရီကိန်းမုန်တိုင်း သတိပေးချက် ထုတ်ပြန်ထားသည်။
ဟာရီကိန်းမုန်တိုင်း Ian က ပထမဆုံး ကုန်းတွင်းပိုင်း ဝင်ရောက်မှုအဖြစ် ဖလော်ရီဒါပြည်နယ် Fort Myers မြို့အနီးကို စက်တင်ဘာလ (၂၈) ရက်နေ့တွင် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး အမေရိကန်ကို ဝင်ရောက်ခဲ့သည့် အားအကောင်းဆုံး မုန်တိုင်းများအနက် တစ်ခုဖြစ်လာခဲ့သည်။
မုန်တိုင်းတိုက်ခတ်ပြီးနောက် ဖလော်ရီဒါပြည်နယ်အတွင်း သောင်တင်နေသူများကို ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကယ်ဆယ်နေကြသည်။
ဖလော်ရီဒါတွင် မုန်တိုင်းတိုက်ခတ်မှုအတွင်း အတည်ပြုထားသည့် သို့မဟုတ် အတည်မပြုနိုင်သေးသည့် သေဆုံးသူအရေအတွက် အနည်းဆုံး (၂၁) ဦးရှိခဲ့ကြောင်း အရေးပေါ်စီမံခန့်ခွဲမှုဌာနခွဲ ညွှန်ကြားရေးမှူး Kevin Guthrie က စက်တင်ဘာ (၃၀) ရက် နံနက်ပိုင်း သတင်းထုတ်ပြန်ရာတွင် ပြောသည်။
စက်တင်ဘာလ (၂၉) ရက် ညနေပိုင်း သတင်းထုတ်ပြန်ရာတွင်မူ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး Ron DeSantis က သေဆုံးသူအချို့ရှိခဲ့ကြောင်း ပြောခဲ့သော်လည်း အရေအတွက် အတိအကျကို အတည်ပြုရန် ငြင်းဆန်ခဲ့ပြီး တရားဝင် အတည်ပြုရန် လိုအပ်နေသေးသည်ဟု ဆိုသည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က Ian မုန်တိုင်းမှာ ဖလော်ရီဒါပြည်နယ်သမိုင်းတွင် လူသေဆုံးမှုအများဆုံး ဟာရီကိန်းမုန်တိုင်း ဖြစ်နိုင်ကြောင်း စက်တင်ဘာလ (၂၉) ရက် အစောပိုင်းတွင် သတိပေးခဲ့သည်။
ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် စက်တင်ဘာလ (၃၀) ရက်နေ့အထိ ဖလော်ရီဒါပြည်နယ်အတွင်း နေအိမ်နှင့် စီးပွားရေးလုပ်ငန်း (၂) သန်းကျော်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်နေခဲ့သည်။
ဂျော်ဂျီယာ၊ တောင်ကာရိုလိုင်းနားနှင့် မြောက်ကာရိုလိုင်းနားရှိ အစိုးရတာဝန်ရှိသူများက ဒေသခံများကို အန္တရာယ်ရှိသည့် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားကြရန် တိုက်တွန်းထားသည်။
ပုံအညွှန်း - ဖလော်ရီဒါပြည်နယ်အတွင်း ဟာရီကိန်းမုန်တိုင်း Ian ဝင်ရောက်ခဲ့မှုကြောင့် ပျက်စီးမှုများ အခြေအနေ
Source: Reuters
Photo: REUTERS/Jonathan Drake, REUTERS/Marco Bello, REUTERS/Joe Skipper