အာဆီယံအဖွဲ့ဝင် (၁၁)နိုင်ငံမြောက်အဖြစ် အရှေ့တီမောကို လက်ခံရန် အာဆီယံက မူအားဖြင့် သဘောတူ

အာဆီယံအဖွဲ့ဝင် (၁၁)နိုင်ငံမြောက်အဖြစ် အရှေ့တီမောကို လက်ခံရန် အာဆီယံက မူအားဖြင့် သဘောတူ
နိုဝင်ဘာ 12, 2022 | နိုင်ငံတကာသတင်း
By Mr John

 အရှေ့တီမောနိုင်ငံကို အာဆီယံ၏ (၁၁) နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် လက်ခံအသိအမှတ်ပြုသွားရန် အာဆီယံအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များက မူအားဖြင့် သဘောတူညီလိုက်ကြောင်း နိုဝင်ဘာလ (၁၁) ရက်တွင် သတင်းထုတ်ပြန်သည်။ 

အရှေ့တီမောက အာဆီယံအဖွဲ့ဝင်ဖြစ်ရေး ဆယ်စုနှစ်တစ်ခုကျော်ကြာ တောင်းဆိုခဲ့ပြီးနောက် အာဆီယံခေါင်းဆောင်များက မူအားဖြင့် သဘောတူခဲ့ကြခြင်း ဖြစ်သည်။

တရားဝင်အမည် တီမောလက်စ်တေ (Timor Leste) ဟု ခေါ်ဆိုသည့် အရှေ့တီမောနိုင်ငံကို အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိများ တက်ရောက်ကြသည့် အာဆီယံအစည်းအဝေးများတွင် လေ့လာသူအဖြစ် ပါဝင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ပြုလုပ်ပြီးနောက် အာဆီယံအဖွဲ့က ပြောသည်။ 

အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာလ (၁၀) ရက်မှ (၁၃) ရက်အထိ ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

အရှေ့တီမောမှာ ၁၉၉၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ အဖွဲ့ဝင်ဖြစ်ခဲ့ပြီးနောက် ဆယ်စုနှစ် (၂) ခုကျော်အတွင်း အာဆီယံ၏ ပထမဆုံး အဖွဲ့ဝင်သစ် ဖြစ်လာမည်ဟု ဆိုသည်။ 

အရှေ့တီမောသမ္မတ Jose Ramos-Horta က အာဆီယံ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး အဖွဲ့ဝင်ဖြစ်မှုက ၎င်း၏နိုင်ငံအနေဖြင့် အာဆီယံမိတ်ဖက်များနှင့် သံတမန်ဆက်ဆံရေး ပိုမိုကျယ်ပြန့်လာစေမည်ဖြစ်ပြီး ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရှိလာနိုင်သလို အရှေ့တီမောနိုင်ငံသားများ ဒေသတွင်း ခရီးသွားလာမှု ပိုမိုကျယ်ပြန့်လာမည်ဟု ပြောသည်။

သို့သော် အရှေ့တီမောအနေဖြင့် အာဆီယံအဖွဲ့ဝင် အပြည့်အဝဖြစ်ရန် နှစ်များနှင့်ချီ ကြာနိုင်ကြောင်းနှင့် ၎င်း၏အစိုးရအဖွဲ့က လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး လုပ်ဆောင်သွားရမည်ဟုလည်း သမ္မတ Jose Ramos-Horta က ဆိုသည်။ 

အရှေ့တီမောက အင်ဒိုနီးရှားလက်အောက်မှ ခွဲထွက်ရေး ကုလသမဂ္ဂ၏ ကြီးကြပ်မှုဖြင့် ၁၉၉၉ ခုနှစ်တွင် လူထုဆန္ဒခံယူပွဲ ပြုလုပ်ခဲ့သည်။

၂၀၀၂ ခုနှစ်တွင် ကုလသမဂ္ဂက အရှေ့တီမောကို လွတ်လပ်သည့်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့ရာ အာရှတိုက်၏ သက်တမ်းအငယ်ဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်လာခဲ့သည်။ 

သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝပြီး လူဦးရေ (၁.၃) သန်းရှိသည့် အရှေ့တီမောက အာဆီယံအဖွဲ့ဝင်ဖြစ်ရေး ချက်ချင်း စတင်လုပ်ဆောင်ခဲ့သော်လည်း ၂၀၁၁ ခုနှစ်ကျမှသာ အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားမှုကို တရားဝင် လက်ခံခဲ့ကြောင်း သိရသည်။

အာဆီယံအဖွဲ့ကို ၁၉၆၇ ခုနှစ်တွင် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံတို့က စတင်ဖွဲ့စည်းခဲ့တည်ထောင်ခဲ့သည်။ 

ထို့နောက် ၁၉၈၄ ခုနှစ်မှစပြီး မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ဘရူနိုင်းတို့က အဖွဲ့ဝင်များ ဖြစ်လာကြပြီး လက်ရှိတွင် အဖွဲ့ဝင် (၁၀) နိုင်ငံရှိသည်။ 

အာဆီယံပဋိညာဥ်ကို ၂၀၀၈ ခုနှစ်တွင် ကြေညာခဲ့သည်။ မြန်မာနိုင်ငံမှာ ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင် ဖြစ်ခဲ့သည်။

Source: Reuters