အသက် (၉၇) နှစ်အရွယ် မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ  ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မည်

အသက် (၉၇) နှစ်အရွယ် မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ  ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မည်
အောက်တိုဘာ 13, 2022 | နိုင်ငံတကာသတင်း
By Mr John

 

အသက် (၉၇) နှစ်ရှိပြီဖြစ်သည့် မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်က လာမည့် ရွေးကောက်ပွဲတွင် လန်ကာဝီမဲဆန္ဒနယ် လွှတ်တော်အမတ်နေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဟု အောက်တိုဘာလ (၁၁) ရက်က ကြေညာထားသည်။ 

လက်ရှိ လန်ကာဝီလွှတ်တော်အမတ်ဖြစ်သူ မဟာသီယာက ၎င်း၏ Parti Pejuang Tanah Air (Pejuang) ပါတီအနေဖြင့် Sabah ပြည်နယ်အပါအဝင် လွှတ်တော်အမတ်နေရာ အနည်းဆုံး (၁၂၀) တွင် ဝင်ရောက်ယှဥ်ပြိုင်မည်ဟုလည်း သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ပါတီက ၎င်းကို ဝန်ကြီးချုပ်လောင်းအဖြစ်မဟုတ်ဘဲ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်တင်သွင်းသွားမည်ဟု မဟာသီယာက ဆိုသည်။ 

ဝန်ကြီးချုပ်နေရာအတွက် မည်သူ့ကိုမျှ ရွေးချယ်မည်ဆိုသည်ကို မဆုံးဖြတ်ထားကြောင်း၊ ရွေးကောက်ပွဲအနိုင်ရမှသာ ထိုသို့ရွေးချယ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

UMNO (United Malays National Organisation) ပါတီ အုပ်ချုပ်မှုကနေ နိုင်ငံကို ကယ်တင်လိုသည့် အခြား ပါတီများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု မဟာသီယာက ဆိုသည်။

ဆရာဝန်တစ်ဦးလည်းဖြစ်သည့် မဟာသီယာသည် မလေးရှားဝန်ကြီးချုပ်အဖြစ် (၂) ကြိမ် တာဝန်ယူခဲ့သည်။ 

မဟာသီယာက ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိနှင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ မလေးရှားဝန်ကြီးချုပ်အဖြစ် စုစုပေါင်း (၂၄) နှစ် တာဝန်ယူခဲ့သည့် ဝါရင့်နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ 

လက်ရှိဝန်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကွတ်ဘ်က လွှတ်တော်ကို ဖျက်သိမ်းလိုက်ကြောင်း အောက်တိုဘာလ (၁၀) ရက်နေ့တွင် ကြေညာခဲ့ရာ ယခုနှစ်မကုန်မီ မလေးရှား အထွေထွေရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Source: CNA