တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်တွင် ဆေးရုံ မီးလောင်မှုကြောင့် လူ (၂၁) ဦး သေဆုံး

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်တွင် ဆေးရုံ မီးလောင်မှုကြောင့် လူ (၂၁) ဦး သေဆုံး
By Mr John

 တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ရှိ ဆေးရုံတစ်ရုံ၏ အရှေ့ဘက် အတွင်းလူနာဆောင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ (၂၁) ဦး သေဆုံးခဲ့ကြောင်း  သိရသည်။

၂၀၂၃ခုနှစ် ဒေသစံတော်ချိန် ဧပြီလ (၁၈) ရက်နေ့၏ မွန်းလွဲ (၁၂) နာရီ (၄၅) မိနစ်ခန့်က ဘေဂျင်းမြို့ရှိ Beijing Changfeng ဆေးရုံတွင် မီးလောင်မှုဖြစ်ပွားခြင်းကြောင့် ဆေးရုံမှ စုစုပေါင်း လူ (၇၁) ဦးကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။ 

ဒေသစံတော်ချိန် ဧပြီလ (၁၈) ရက် ညနေ (၆) နာရီအချိန်အထိ ကုသမှုခံယူရန်အတွက် အခြား ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ခဲ့ပြီးနောက် လူ (၂၁) ဦး သေဆုံးခဲ့ကြောင်း Beijing Daily သတင်းဌာနက ဖော်ပြထားသည်။

မီးလောင်မှုအတွင်း ဒဏ်ရာရသူ အရေအတွက် သို့မဟုတ် ၎င်းတို့၏ အခြေအနေကိုလည်း အသေးစိတ် မသိရသေးဟု AFP သတင်းက ဖော်ပြသည်။ 

ယခု မီးလောင်မှုဖြစ်ပွားသည့် Beijing Changfeng ဆေးရုံမှာ ဘေဂျင်းမြို့၏ အနောက်ဘက် မြို့ပြဧရိယာတွင်ရှိပြီး တိန်အန်မင်ရင်ပြင် Tiananmen Square မှ ကားမောင်းသွားပါက (၂၅) မိခန့်ကြာသည့် အကွာအဝေးတွင်ဖြစ်ကြောင်း သိရသည်။

"ဝမ်းနည်းစရာပါပဲ။ ကိုယ့်အိမ်ရဲ့ ပြတင်းပေါက်ကနေ ဆေးရုံမီးလောင်တာကို မြင်နိုင်တယ်လေ။ ဆေးရုံနံရံမှာတပ်ထားတဲ့ လေအေးပေးစက်တွေပေါ်မှာ လူတွေအများကြီး ရပ်နေကြပြီး တချိုက ခုန်တောင်ချသွားခဲ့ကြတယ်" ဟု တရုတ်ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် Weibo အသုံးပြုသူတစ်ဦးက ပြောထားသည်။ 

ဆေးရုံမီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကို ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း နှင့် တရုတ်တွင် ဆေးရုံမီးလောင်မှုမှာ ရှားပါးသည့်ဖြစ်ရပ်ဖြစ်ပြီး အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

Source: Reutrs, AFP

Photo: AP