ထိုင်းနိုင်ငံတွင် COVID ကူးစက်မှုလှိုင်းအသစ်အတွင်း နေ့စဉ် ကူးစက်မှု (၁၀,၀၀၀) အထိရှိလာနိုင်ဟုဆို

ထိုင်းနိုင်ငံတွင် COVID ကူးစက်မှုလှိုင်းအသစ်အတွင်း နေ့စဉ် ကူးစက်မှု (၁၀,၀၀၀) အထိရှိလာနိုင်ဟုဆို
By Mr John

 

ထိုင်းနိုင်ငံတွင် COVID-19 ကူးစက်မှုလှိုင်းအသစ်အတွင်း နေ့အလိုက် ကူးစက်မှုများ (၅,၀၀၀) မှ (၁၀,၀၀၀) အထိ ရှိလာနိုင်သော်လည်း ထိုအရေအတွက်မှာ လျင်မြန်စွာ ပြန်ကျဆင်းသွားနိုင်ကြောင်း Siriraj ဆေးရုံ ဆေးပညာမဟာဌာနရှိ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် တီဘီရေဂါဌာနခွဲမှ ဒေါက်တာ Nitipatana Chierakul က ပြောသည်။ 

၎င်း၏ Facebook တွင် ၂၀၂၃ခုနှစ် ဧပြီလ (၁၉)ရက်နေ့က ရေးသားထားရာ၌ ထိုင်းနိုင်ငံတွင် အိုမီခရွန် ထပ်ဆင့်မျိုးကွဲ XBB.1.16 ကူးစက်မှုများ မြင့်တက်နေခဲ့ကြောင်း၊ သို့သော် ကူးစက်ခံရသည့် လူနာများမှာ ရောဂါလက္ခဏာ မပြင်းထန်ကြောင်း ဒေါက်တာ Nitipatana က ဆိုသည်။

နဂိုရောဂါအခံရှိသူများတွင်မူ ရောဂါလက္ခဏာ ပြင်းထန်နိုင်သည်ဟု ၎င်းကပြောသည်။ 

"ကူးစက်မှု လှိုင်းအသစ် ဖြစ်တဲ့အချိန်မှာ နေ့စဉ် ကူးစက်လူနာက ၅,၀၀၀ ကနေ ၁၀,၀၀၀ ကြားရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီအရေအတွက် အရင်နှစ်နဲ့နှိုင်းယှဉ်ရင် နည်းပါတယ်။ ကူးစက်မှုတွေက သီတင်းပတ်အနည်းငယ်မှာ လျော့ကျသွားမယ်လို့လည်း ခန်းမှန်းထားပါတယ်" ဟု ဒေါက်တာက Facebook တွင် ရေးထားသည်။

ထိုင်းသင်္ကြန်ပွဲတော်ကဲ့သို့ လူအများအပြားကြား ထိတွေ့မှုများသည့် ပွဲတော်များအတွင်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ခြင်းမှာ သဘာဝဖြစ်သော်လည်း လူမှုအသိုင်းအဝိုင်းနှင့် စီးပွားရေးကို ထိခိုက်စေသည်အထိ မဟုတ်ကြောင်း ၎င်းက ဆိုသည်။

တစ်ချိန်တည်းတွင် တုပ်ကွေးနှင့် COVID-19 အားဖြည့် ထပ်ဆောင်း ကာကွယ်ဆေး (၂)ခုလုံးကို မေလ (၁) ရက်နေ့မှစ၍ ထိုးနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဧပြီလ (၁၈) ရက်နေ့တွင် ကြေညာသည်။

ထိုကာကွယ်ဆေးများကို အစိုးရဆေးရုံများတွင် အခမဲ့ ထိုးနိုင်မည်ဟု ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ Opas Karnkawinpong က ပြောသည်။ 

သက်ကြီးရွယ်အိုများနှင့် ရောဂါအခံရှိပြီး ကျန်းမားရေး မကောင်းသူများ အနေဖြင့် ကာကွယ်ဆေး နှစ်ခုလုံးကို အမြန်ထိုးသင့်ကြောင်းလည်း ၎င်းက တိုက်တွန်းခဲ့သည်။

Source: Bangkok Post