အိန္ဒိယနိုင်ငံတွင် ဘုရားကျောင်းဝင်းအတွင်း ရေတွင်းအဖုံးပြိုကျမှုကြောင့် လူ (၃၅) ဦး သေဆုံးပြီး (၁၆) ဦး ဒဏ်ရာရ

အိန္ဒိယနိုင်ငံတွင် ဘုရားကျောင်းဝင်းအတွင်း ရေတွင်းအဖုံးပြိုကျမှုကြောင့် လူ (၃၅) ဦး သေဆုံးပြီး (၁၆) ဦး ဒဏ်ရာရ
By Mr John

 အိန္ဒိယနိုင်ငံ အလယ်ပိုင်းရှိ ဘုရားကျောင်းဝင်းတစ်ခုအတွင်း လှေခါးထစ်များပါသည့် ရေတွင်းတစ်ခု၏အဖုံး ပြိုကျမှုကြောင့် အနည်းဆုံး လူ (၃၅) ဦး သေဆုံးပြီး (၁၆) ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူများက မတ်လ (၃၁) ရက်နေ့တွင် ပြောသည်။ 

မတ်လ (၃၀) ရက်နေ့က အိန္ဒိယအလယ်ပိုင်း Indore မြို့ရှိ ဘုရားကျောင်းတွင် ပြုလုပ်သည့် Ram Navami ဟိန္ဒူဘာသာရေးပွဲတော်သို့ လူအမျာအပြား စုရုံးလာရောက်ကြစဥ် ရေတွင်းကို ဖုံးအုပ်ထားသည့် ကွန်ကရစ်အဖုံး ပြိုကျသွားခဲ့ရာ သေဆုံးဒဏ်ရာရမှုများ ဖြစ်ခဲ့ကြောင်း သိရသည်။

လှေခါးထစ်များပါသည့် ရေတွင်း/ရေကန်များကို အိန္ဒိယနိုင်ငံတဝန်းတွင် တွေ့ရလေ့ရှိပြီး လွန်ခဲ့သည့် နှစ်ပေါင်းရာချီက တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။ 

ထိုရေတွင်း/ရေကန်များအနက် အများအပြားကို အပြင်အဆင်များဖြင့် တန်ဆာဆင်ထားပြီး လှေခါးထစ်များမှတစ်ဆင့် ရေထဲသို့ဆင်းနိုင်ရန် စီစဥ်ထားသည်။ 

"ရေတွင်းကို ကွန်ကရစ်အဖုံးနဲ့ ဖုံးအုပ်ထားတာပါ။ ဒါပေမဲ့ အဲဒီ ကွန်ကရစ်အဖုံးပေါ်မှာ လူအုပ်စုကြီးဖြစ်လာပြီး ခံနိုင်ဝန်ထက်ပိုသွားရာကနေ ပြိုကျသွားခဲ့တယ်" ဟု မက်ဒ်ယာပရာဒက်ရှ်ပြည်နယ် ဝန်ကြီးချုပ် Shivraj Singh Chouhan က မတ်လ (၃၀) ရက် နှောင်းပိုင်းတွင် သတင်းထောက်များကို ပြောသည်။

ယခု မတော်တဆမှုဖြစ်ပွားခဲ့သည့် Indore မြို့မှာ အိန္ဒိယအလယ်ပိုင်း မက်ဒ်ယာပရာဒက်ရှ်ပြည်နယ်တွင် တည်ရှိနေကြောင်း သိရသည်။ 

ရေတွင်းအဖုံးပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး စစ်သားနှင့် ကယ်ဆယ်ရေးသမား (၇၅) ဦးက အပျက်အစီးများကို ဖယ်ရှားရန် တစ်နေကုန် လုပ်ဆောင်ခဲ့ကြကြောင်းနှင့် ကြိုးနှင့် လှေခါးများသုံးပြီး ရေတွင်းထဲသို့ ပြုတ်ကျသွားသူများကို ကယ်ထုတ်ခဲ့ကြောင်း အိန္ဒိယမီဒီယာက ဖော်ပြသည်။ 

"ကျွန်တော်တို့ လူ (၁၈) ယောက်ကို ကယ်နိုင်ခဲ့တယ်။ (၃၅) ယောက်က သေဆုံးခဲ့ပြီး (၁၆) ယောက် ဒဏ်ရာရခဲ့တယ်" ဟု ပြည်နယ်အစိုးရ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ Ilayaraja T က ပြောသည်။ 

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက ယခုဖြစ်ရပ်အတွက် ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ခဲ့ပြီး သေဆုံးဒဏ်ရာရသူများအတွက် လျော်ကြေးပေးသွားမည်ဟု ကြေညာခဲ့ကြောင်း သိရသည်။

Source: Reuters

Photo: ANI/Reuters TV, AP, PTI,