အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်တွင် အပန်းဖြေမှုအတွက်သုံးရန် တရားဝင် ဆေးခြောက်ရောင်းချမှုများ စတင်

World Weed Day အထိမ်းအမှတ် ကျင်းပစဉ် [ Photo: AFP ]
World Weed Day အထိမ်းအမှတ် ကျင်းပစဉ် [ Photo: AFP ]
အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်တွင် အပန်းဖြေမှုအတွက်သုံးရန် တရားဝင် ဆေးခြောက်ရောင်းချမှုများ စတင်
By Mr John

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်တွင် ဆေးခြောက်ကို တရားဝင်အဖြစ် သတ်မှတ်ရန် မဲဆန္ဒရှင်တွေက မဲပေးခဲ့ကြပြီးနောက် တစ်နှစ်အကြာမှာတော့ တရားဝင် ဆေးခြောက်ရောင်းချမှုများ စတင်ခဲ့ပြီဟု ဆိုသည်။

ထောက်ခံသူတွေက အပန်းဖြေစရာအဖြစ် ဆေးခြောက်သုံးခြင်းကို တရားဝင်ခွင့်ပြုပေးရန် ဆယ်စုနှစ်တစ်ခုကြာ ကြိုးစားခဲ့ပြီးနောက် နယူးဂျာစီပြည်နယ်အတွင်း နေထိုင်ကြသည့် အသက် (၂၁) နှစ်နှင့်အထက် ဒေသခံများ ဧပြီ (၂၁) ရက်မှစပြီး ဆေးခြောက် တရားဝင် ဝယ်ယူနိုင်ပြီဖြစ်သည်။



နှစ်စဥ် ဧပြီ (၂၀) ရက်နေ့တွင် တရားမဝင် ကျင်းပပြုလုပ်ကြလေ့ရှိပြီး 4/20 ဟုလည်း သိထားကြသည့် World Weed Day အပြီး နောက်တစ်ရက်တွင် နယူးဂျာစီပြည်နယ်က တရားဝင် ဆေးခြောက်ရောင်းချမှုများ စတင်လိုက်ခြင်းလည်း ဖြစ်သည်။



နယူးဂျာစီပြည်နယ် Paterson မြို့နှင့် Bloomfield မြို့တို့ရှိ Green Thumb Industries ၏ ဆေးခြောက်အရောင်းဆိုင်များကို ဧပြီလ(၁)ရက်နေ့ နံနက်(၆)နာရီတွင် စတင်ဖွင့်လှစ်သည်ဟု  ကုမ္ပဏီအမှုဆောင်အရာရှိချုပ် Ben Kovler က ပြောသည်။

နယူးဂျာစီပြည်နယ် Cannabis Regulatory Commission က ဆေးဘက်ဆိုင်ရာ ဆေးခြောက်အရောင်းဆိုင် (၁၃) ဆိုင်ကို အရွယ်ရောက်ပြီးသူသုံးသည့် ဆေးခြောက်များ ရောင်းချခွင့်ပြုခဲ့သည်။



နယူးယော့ခ်ပြည်နယ်တွင်လည်း လာမည့် ၂၀၂၃ ခုနှစ်အတွင်း တစ်ချိန်ချိန်တွင် အပန်းဖြေမှုအတွက်သုံးရန် ဆေးခြောက်ရောင်းချခြင်းကို စတင်သွားမည်ဟု မျှော်လင့်ရသည်။

ပင်ဆယ်လ်ဗေးနီးယားပြည်နယ်ကတော့ ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာ အသုံးပြုမှုအတွက်သာ ခွင့်ပြုထားသည်။



ယခုအခါ အမေရိကန်တွင် အပန်းဖြေမှုအတွက် ဆေးခြောက်သုံးခြင်းကို တရားဝင်အဖြစ် ခွင့်ပြုထားသည့် ပြည်နယ်အရေအတွက်မှာ နယူးဂျာစီအပါအဝင် (၁၈)ခုရှိလာပြီဖြစ်ပြီး ပြည်ထောင်စုနယ်မြေ District of Columbia (D.C.) တွင်လည်း တရားဝင်ခွင့်ပြုထားကြောင်း သိရသည်။

ဆေးခြောက်လုပ်ငန်း စီမံခန့်ခွဲသူတွေနှင့် လေ့လာဆန်းစစ်သူတွေက ဆေးခြောက်ဈေးကွက်မှာ နှစ်များအတွင်း ဒေါ်လာ (၂) ဘီလီယံကျော်လွန်လာမည်ဟု ခန့်မှန်းကြသည်။



နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူး Phil Murphy ၏ အဆိုပြုထားသည့် ဘတ်ဂျက်ခန့်မှန်းချက်အရ ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆေးခြောက်ဝင်ငွေ ဒေါ်လာ (၁၂၁) သန်း ရရှိမည်ဟု မျှော်မှန်းထားပြီး အများစုမှာ အခွန်အခများမှ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နယူးဂျာစီပြည်နယ်အတွင်း ဆေးခြောက်ဖြင့် ကုသမှုခံယူနေရသည့် လူနာ ၁၃၀,၀၀၀ ရှိပြီး အပန်းဖြေစရာအဖြစ် ဆေးခြောက်သုံးနိုင်လာနိုင်ခြေရှိသူ အကြမ်းဖျင်းအားဖြင့် ၈၀၀,၀၀၀ ရှိကြောင်း Cannabis Regulatory Commission က ခန့်မှန်းထားသည်။



Source: Reuters