ဂမ်ဘီယာနိုင်ငံတွင် ကလေးငယ်(၆၀)ကျော် သေဆုံးမှုမှာ အိန္ဒိယနိုင်ငံထုတ် ချောင်းဆိုးပျောက်ဆေးများနှင့် ဆက်နွ‌ယ်ကြောင်း WHO ပြော

ဂမ်ဘီယာနိုင်ငံတွင် ကလေးငယ်(၆၀)ကျော် သေဆုံးမှုမှာ အိန္ဒိယနိုင်ငံထုတ် ချောင်းဆိုးပျောက်ဆေးများနှင့် ဆက်နွ‌ယ်ကြောင်း WHO ပြော
အောက်တိုဘာ 7, 2022 | နိုင်ငံတကာသတင်း
By Mr John

ဂမ်ဘီယာနိုင်ငံတွင် ကလေးငယ် (၆၆) ဦး သေဆုံးမှုမှာ အိန္ဒိယနိုင်ငံထုတ် ချောင်းဆိုးပျောက်ဆေး (၄) မျိုးနှင့် ဆက်နွယ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က ဆေးဝါးထုတ်ကုန် သတိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။ 

အနောက်အာဖရိကရှိ ဂမ်ဘီယာနိုင်ငံတွင် ကလေးများ ကျောက်ကပ်ထိခိုက်ပြီး သေဆုံးမှုများကို စုံစမ်းစစ်ဆေးခဲ့ပြီးနောက် WHO က ထိုသို့ သတိပေးချက် ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်၍ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Maiden Pharmaceuticals နှင့် အိန္ဒိယအာဏာပိုင်များနှင့်အတူ နောက်ထပ် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဟု WHO က ပြောသည်။ 

ထိုချောင်းဆိုးပျောက်ဆေးများ ရောင်းချနေခြင်းကို ရပ်ဆိုင်းရန်လည်း ဆေးဝါးကြီးကြပ်ကွပ်ကဲရေး အာဏာပိုင်များကို  WHO က အကြံပြုခဲ့သည်။

WHO သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် အိန္ဒိယအာဏာပိုင်များက Maiden Pharmaceuticals ကုမ္ပဏီထုတ် ချောင်းဆိုးပျောက်ဆေး နမူနာများကို စစ်ဆေးနေကြောင်း အစိုးရအရာရှိတစ်ဦးက အောက်တိုဘာလ (၆) ရက်နေ့တွင် သတင်းထောက်များကို ပြောသည်။ 

အကယ်၍ ထိုချောင်းဆိုးပျောက်ဆေးများတွင် အမှားအယွင်း တွေ့ရှိရပါက တိကျပြတ်သားစွာ အရေးယူသွားမည်ဟု Maiden Pharmaceuticals ၏ ဆေးဝါးထုတ်လုပ်ရေးစက်ရုံ တည်ရှိရာ Haryana ပြည်နယ် ကျန်းမာရေးဝန်ကြီး Anil Vij က ဆိုသည်။

ချောင်းဆိုးပျောက်ဆေး (၄) မျိုးနှင့် ဂမ်ဘီယာကလေးငယ်များ သေဆုံးမှု ဆက်နွယ်နေသည့် တွေ့ရှိချက်ကို WHO အကြီးအကဲ Tedros Adhanom Ghebreyesus က အောက်တိုဘာလ (၅) ရက်နေ့တွင် ကြေညာခဲ့သည်။ 

အိန္ဒိယကုမ္ပဏီထုတ် ထိုချောင်းဆိုးပျောက်ဆေး (၄) မျိုးမှာ Promethazine Oral Solution, Kofexmalin Baby Cough Syrup, Makoff Baby Cough Syrup နှင့် Magrip N Cold Syrup တို့ဖြစ်ကြောင်း WHO က ထုတ်ပြန်သည်။

အိန္ဒိယမြောက်ပိုင်း Haryana ပြည်နယ်တွင် စက်ရုံတည်ရှိသည့် Maiden Pharmaceuticals ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီက ၎င်း၏ဆေးဝါးထုတ်ကုန်များကို အာရှ၊ အာဖရိကနှင့် လက်တင်အမေရိက နိုင်ငံများသို့ တင်ပို့နေကြောင်း Reuters သတင်းက ဖော်ပြသည်။ 

ဂမ်ဘီယာနိုင်ငံရှိ ဆေးဘက်ဆိုင်ရာ အရာရှိများက ဒါဇင်နှင့်ချီသည့် ကလေးများတွင် ပြင်းထန်သည့် ကျောက်ကပ်ပြဿနာများ စစ်ဆေးတွေ့ရှိရကြောင်း ဇူလိုင်လအတွင်း ပထမဆုံးအကြိမ် သတိပေးခဲ့သည်။

ဂမ်ဘီယာကျန်းမာရေးဌာန၏ ညွှန်ကြားရေးမှူး Mustapha Bittaye က Reuters သတင်းဌာနကို ပြောကြားမှုအရ မကြာသေးမီ သီတင်းပတ်များအတွင်း သေဆုံးမှုအရေအတွက် လျော့ကျသွားခဲ့ကြောင်းနှင့် နိုင်ငံတွင် ချောင်းဆိုးပျောက်ဆေး (၄) မျိုးကို ရောင်းချခွင့် တားမြစ်ပိတ်ပင်ထားကြောင်း သိရသည်။ 

"ဒါပေမဲ့ မကြာသေးမီကအထိ တချို့ ချောင်းဆိုးပျောက်ဆေးတွေကို ပုဂ္ဂလိကဆေးခန်းတွေနဲ့ ဆေးရုံတွေမှာ ရောင်းချနေခဲ့တယ်" ဟု ၎င်းက ပြောသည်။

Source: BBC, Reuters