အားပေးထောက်ခံကြောင်း ပြသမှုအဖြစ် ဗြိတိန်ဝန်ကြီးချုပ်က ယူကရိန်းသမ္မတကို ကိဗ်မြို့တွင် လာရောက် တွေ့ဆုံ

  ဗြိတိန်ဝန်ကြီးချုပ် နှင့်  ယူကရိန်းသမ္မတ ဧပြီ (၉)ရက်နေ့တွင် တွေ့ဆုံစဉ် - Photo: Reuters
ဗြိတိန်ဝန်ကြီးချုပ် နှင့် ယူကရိန်းသမ္မတ ဧပြီ (၉)ရက်နေ့တွင် တွေ့ဆုံစဉ် - Photo: Reuters
အားပေးထောက်ခံကြောင်း ပြသမှုအဖြစ် ဗြိတိန်ဝန်ကြီးချုပ်က ယူကရိန်းသမ္မတကို ကိဗ်မြို့တွင် လာရောက် တွေ့ဆုံ
By Mr John

ယူကရိန်းကို အားပေးထောက်ခံကြောင်း ပြသမှုအဖြစ် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကိဗ်မြို့တော်တွင် သမ္မတ ဗိုလိုဒီမြာ ဇီလန်စကီးနှင့် လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဗြိတိန်သည် ရုရှားကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နေသည့် ယူကရိန်းကို အခိုင်မာဆုံး ထောက်ပံ့ကူညီနေသော နိုင်ငံများအနက် တစ်နိုင်ငံလည်း ဖြစ်သည်။

ဧပြီ (၉) ရက်နေ့တွင် ကိဗ်မြို့ကို လာရောက်ခဲ့သည့် ဂျွန်ဆင်၏ ခရီးစဥ်က ယူကရိန်းအတွက် ငွေကြေးနှင့် စစ်ဘက်ဆိုင်ရာ အကူအညီအသစ်များ ပေးအပ်ရန်အတွက်ဟု ဆိုသည်။

 Reuters



ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကိဗ်မြို့တော် အနီးတဝိုက်မှ ရုရှားတပ်ဖွဲ့တွေ ပြန်ဆုတ်ခွာသွားခဲ့ပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် လာရောက်ခဲ့ခြင်းဖြစ်သည်။

ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်က ယူကရိန်းသမ္မတ ဇီလန်စကီးနှင့် တစ်ဦးချင်း တွေ့ဆုံခဲ့ကြကြောင်း ယူကရိန်းသမ္မတရုံး၏ လက်ထောက်အကြီးအကဲ Andriy Sybiha က ပြောသည်။

ယူကရိန်းပြည်သူများနှင့်အတူ စည်းလုံးညီညွတ်မှုရှိကြောင်း ပြသမှုအဖြစ် ဂျွန်ဆင်က ဇီလန်စကီးနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။



"ယူကရိန်းကို ဗြိတိန်က ရေရှည်ကူညီထောက်ပံ့ဖို့ကိစ္စ ဆွေးနွေးကြမှာပါ။ ပြီးတော့ ဝန်ကြီးချုပ်က ယူကရိန်းအတွက် ငွေကြေးနှင့် စစ်ဘက်ဆိုင်ရာအကူအညီအသစ်တွေလည်း ကြေညာသွားပါမယ်" လို့ ၎င်းက ဖြည့်စွက်ပြောသည်။

ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်က ရုရှားကျူးကျော်မှုကို အဓိကအကျဆုံး ဆန့်ကျင်သူတွေအနက် တစ်ဦးဖြစ်ကြောင်းနဲ့ ရုရှားအပေါ် အရေးယူပိတ်ဆို့ပြီး ယူကရိန်းကို ကာကွယ်ရေးအကူအညီပေးနေသည့် ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ဇီလန်စကီး၏ Telegram တွင် ရေးသားထားသည်။



ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်၏ ကိဗ်မြို့ခရီးစဥ်ကို ကြိုတင်ကြေညာထားခြင်းမရှိခဲ့ဟု ဆိုသည်။

"ဗြိတိန်က ယူကရိန်းကို နောက်ထပ် ကာကွယ်ရေးလက်နက်တွေ ပေးပို့သွားပါမယ်။ ပူတင် ကျရှုံးတာ သေချာစေအောင် ရုရှားစီးပွားရေးရဲ့ ဒေါက်တိုင်အားလုံးကို ပစ်မှတ်ထား အရေးယူပိတ်ဆို့ဖို့ G7 မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်" လို့ ဂျွန်ဆင်က ဧပြီ (၉) ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။

Source & Photo: Reuters