မြန်မာနိုင်ငံ၏ ပဋိပက္ခကို ဖြေရှင်းရေးတွင် ထိုင်းနိုင်ငံအနေဖြင့် ပိုမိုလုပ်ဆောင်သင့်ကြောင်း မလေးရှားဝန်ကြီးချုပ် တိုက်တွန်းပြောကြား

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဗရာဟင်မ် နှင့် ထိုင်းဝန်ကြီးချုပ်ဖြ ပရာယွတ်တို့ တွေ့ဆုံစဉ် [ Photo: twitter/anwaribrahim ]
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဗရာဟင်မ် နှင့် ထိုင်းဝန်ကြီးချုပ်ဖြ ပရာယွတ်တို့ တွေ့ဆုံစဉ် [ Photo: twitter/anwaribrahim ]
မြန်မာနိုင်ငံ၏ ပဋိပက္ခကို ဖြေရှင်းရေးတွင် ထိုင်းနိုင်ငံအနေဖြင့် ပိုမိုလုပ်ဆောင်သင့်ကြောင်း မလေးရှားဝန်ကြီးချုပ် တိုက်တွန်းပြောကြား
ဖေဖော်ဝါရီ 11, 2023 | နိုင်ငံတကာသတင်း
By Mr John

 မြန်မာနိုင်ငံ၏ ပဋိပက္ခကို ဖြေရှင်းရေးတွင် အိမ်နီးချင်း ထိုင်းနိုင်ငံအနေဖြင့် ပိုမိုတက်ကြွသည့် အခန်းကဏ္ဍကနေ ပါဝင်လုပ်ဆောင်ရန် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဗရာဟင်မ်က ပြောကြားလိုက်သည်။ 

"မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းရေး ပြဿနာကို ပြည်တွင်းမှာ ဖြေရှင်းရမယ်ဆိုတဲ့အပေါ် ကျွန်တော်တို့ရဲ့ စိုးရိမ်ပူပန်မှု အများအပြားကို ပြောဆိုဖို့ ခင်ဗျားက ပိုသင့်တော်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒါပေမဲ့ ဒီကိစ္စက ဒေသတွင်းမှာ ဂယက်ရိုက်ခတ်နေတယ်" ဟု အန်ဝါက ပရာယွတ်ကို ၎င်းတို့နှစ်ဦး၏ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မလေးရှားဝန်ကြီးချုပ်၏ ပြောကြားမှုသည် မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် (၂) နှစ်က အာဏာသိမ်းခဲ့သည့် စစ်အုပ်စုကို မည်သို့ ကိုင်တွယ်မည်ဆိုခြင်းအပေါ် အရှေ့တောင်အာရှ နိုင်ငံများအကြား သဘောထားကွဲမှုကို ထင်ဟပ်စေသည်။

ဒေသတွင်း ဒုက္ခသည်အကျပ်အတည်း ပိုမိုဖြစ်ပေါ်လာစေသည့် ပဋိပက္ခနှင့်ပတ်သက်၍ မြန်မာနှင့်ကပ်လျက် မဟုတ်သည့် အရှေ့တောင်အာရှ နိုင်ငံများက ပိုမို ပြောဆိုမှုများရှိခဲ့သော်လည်း ထိုင်းနိုင်ငံကဲ့သို့ မြန်မာနှင့်ကပ်လျက် အနီးဆုံး အိမ်နီးချင်းနိုင်ငံများကမူ စစ်အုပ်စုကို တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ရာတွင် တွန့်ဆုတ်နေခဲ့ကြသည်။ 

အခြား အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့်အတူ  ထိုင်းနှင့်မလေးရှားကလည်း မြန်မာနိုင်ငံတွင် ပြဿနာများကို အနည်းဆုံးလျှော့ချရန် ကြိုးပမ်းအားထုတ်မှုများ တိုးမြှင့်လုပ်ဆောင်သင့်ကြောင်း အန်ဝါက ပြောသည်။

ထိုင်းနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ဝန်ကြီးချုပ်ဖြစ်လာသူ ဗိုလ်ချုပ်ကြီးပရာယွတ်ကမူ မလေးရှားဝန်ကြီးချုပ် အန်ဝါ၏ မြန်မာ့အရေး ပြောကြားမှုကို တိုက်ရိုက် တုံ့ပြန်ခဲ့ခြင်းမရှိဘဲ "ကျွန်တော်တို့က မိသားစုပါပဲ။ ကျေးဇူးတင်ပါတယ် မိတ်ဆွေ" ဟုသာ ပြောခဲ့သည်။

မလေးရှားတွင် ဒုက္ခသည် (၂၀၀,၀၀၀) နီးပါးရှိနေပြီး ၎င်းတို့အနက် မြန်မာနိုင်ငံမှ အများဆုံးဖြစ်ကြောင်း ဝန်ကြီးချုပ်အန်ဝါက သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားသည်။

မလေးရှားမှာ သေးငယ်သည့် နိုင်ငံဖြစ်ရာ ဒုက္ခသည်အရေအတွက် ပိုမိုများပြားလာမှုကြောင့် ရေရှည်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ဆောင်ရွက်နိုင်စွမ်းမရှိနိုင် ဖြစ်လာနိုင်ကြောင်းလည်း အန်ဝါက ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ပြည်ပသို့ နည်းလမ်းမျိုးစုံဖြင့် ထွက်ခွာနေကြသူများ နေ့စဥ် အများအပြားရှိနေခဲ့သည်။ 

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်ဏာသိမ်းမှုနောက်ပိုင်း အာဏာသိမ်းစစ်အုပ်စု၏ သတ်ဖြတ်မှုကြောင့် လူ (၃,၀၀၀)ကျော် သေဆုံးခဲ့ပြီး ခန့်မှန်းခြေအားဖြင့် လူ (၇၂,၀၀၀) မှာ ထိုင်း၊ မလေးရှား၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ ထွက်ပြေးခဲ့ကြသည်။

Source: Bloomberg