ယူကရိန်းကို ကျူးကျော်မှုနှင့် သိမ်းပိုက်နယ်မြေများတွင် လူထုဆန္ဒခံယူပွဲလုပ်မည့် ရုရှားကို ကမ္ဘာ့ခေါင်းဆောင်များ ရှုတ်ချ

Photo: Contributor/Getty Images
Photo: Contributor/Getty Images
ယူကရိန်းကို ကျူးကျော်မှုနှင့် သိမ်းပိုက်နယ်မြေများတွင် လူထုဆန္ဒခံယူပွဲလုပ်မည့် ရုရှားကို ကမ္ဘာ့ခေါင်းဆောင်များ ရှုတ်ချ
စက်တင်ဘာ 22, 2022 | နိုင်ငံတကာသတင်း
By Mr John

ရုရှားက ခန့်အပ်ထားသည့် ယူကရိန်း၏ သိမ်းပိုက်ခံနယ်မြေ (၄) ခုမှ ခေါင်းဆောင်များက ရုရှားနှင့်ပေါင်းစည်းရေး တရားဝင်ဖြစ်စေရန် လာမည့်ရက်များအတွင်း လူထုဆန္ဒခံယူပွဲ ကျင်းပပြုလုပ်သွားမည်ဟု ကြေညာခဲ့ရာ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့တွင် ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်နေကြသည့် ကမ္ဘာ့ခေါင်းဆောင်များက ရုရှား၏ ယူကရိန်းကို ကျူးကျော်မှုကို လူသိရှင်ကြား ရှုတ်ချလိုက်ကြသည်။

ရုရှားလိုလားသည့် နယ်မြေခေါင်းဆောင်များက Luhansk, Donetsk, Kherson နှင့် Zaporizhzhia တို့တွင် ရုရှားနိုင်ငံ၏ အစိတ်အပိုင်းဖြစ်ရန် လူထုဆန္ဒခံယူပွဲများ ပြုလုပ်သွားမည်ဟု ကြေညာထားသည်။ 

ထိုနယ်မြေ (၄) ခုမှာ ယူကရိန်းပိုင်နက်၏ (၁၅) ရာခိုင်နှုန်းဖြစ်ပြီး ဟန်ဂေရီနိုင်ငံ၏ အရွယ်အစားခန့်ဖြစ်ကြောင်း သိရသည်။ 

လူထုဆန္ဒခံယူပွဲများကို စက်တင်ဘာလ (၂၃) ရက်မှ (၂၇) ရက်အထိ ပြုလုပ်သွားမည်ဟု ဆိုသည်။

"ရုရှားတွေ သူတို့လုပ်ချင်တာ လုပ်နိုင်တယ်။ အဲဒီလိုလုပ်လို့ ဘာမှပြောင်းလဲသွားမှာ မဟုတ်ပါဘူး" ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ကုလသမဂ္ဂတွင် စက်တင်ဘာလ (၂၀) ရက်နေ့က သတင်းထောက်များ၏ မေးမြန်းမှုကို တုံ့ပြန်ခဲ့သည်။ 

ကမ္ဘာ့ခေါင်းဆောင်များမှာ ကုလသမဂ္ဂအထွေထွေညီလာခံအတွက် စုရုံးရောက်ရှိနေကြသည်။ 

ကုလသမဂ္ဂအထွေထွေညီလာခံတွင် ယူကရိန်းစစ်ပွဲကိစ္စက အဓိက ဆွေးနွေးကြမည့် အကြောင်းအရာလည်း ဖြစ်လာနိုင်သည်။

"ယူကရိန်းမှာ သူ့ရဲ့ပိုင်နက်နယ်မြေတွေ လွတ်မြောက်အောင် အခွင့်အရေး အားလုံးရှိတယ်။ ရုရှား ဘာပဲပြောပြော ဒီနယ်မြေတွေ လွတ်မြောက်ရေး ဆက်လုပ်သွားမယ်" ဟု Dmytro Kuleba က Twitter တွင် ပြောထားသည်။ 

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ကမူ ရုရှား၏ လူထုဆန္ဒခံယူပွဲ အစီအစဥ်မှာ အလွန်ပူပန်စရာမဟုတ်ဘဲ ရယ်စရာဖြစ်လိမ့်မည်ဟု နယူးယော့ခ်တွင် ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံမတိုင်မီ မှတ်ချက်ပြုခဲ့သည်။

ရုရှားနှင့်ပတ်သက်သည့် ဆက်စပ်သတင်းတစ်ရပ်အရ ယူကရိကန်းကို ကျူးကျော်စစ်ဆင်နွှဲခဲ့ပြီးနောက် မျှော်မှန်းထားသည့်အတိုင်း စစ်ပွဲကို အလျင်အမြန် အောင်မြင်ပြီးမြောက်နိုင်ခြင်းမရှိ ဖြစ်နေသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒုတိယကမ္ဘာစစ်နောက်ပိုင်း နိုင်ငံတွင် ပထမဆုံးအကြိမ် စစ်စည်းရုံးခြင်း အမိန့်ဒီကရီတစ်ရပ် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း သိရသည်။ 

ပူတင်၏ စစ်စည်းရုံးမှု အမိန့်အရ အရန်တပ်ဖွဲ့များနှင့် စစ်မှုထမ်းဟောင်းများ (၃၀၀,၀၀၀) ကို စစ်တပ်သို့ ခေါ်ယူသွားမည် ဖြစ်သည်။

Source: Reuters