ကုလအထွေထွေညီလာခံတွင် အာဏာသိမ်းစစ်ကောင်စီ၏ ကိုယ်စားလှယ်ကို တက်ရောက် ပြောကြားခွင့်မပေးရန် အမေရိကန်နှင့် တရုတ် သဘောတူ

ကုလအထွေထွေညီလာခံတွင် အာဏာသိမ်းစစ်ကောင်စီ၏ ကိုယ်စားလှယ်ကို တက်ရောက် ပြောကြားခွင့်မပေးရန် အမေရိကန်နှင့် တရုတ် သဘောတူ
စက်တင်ဘာ 14, 2021 | နိုင်ငံတကာသတင်း

(၇၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာအာဏာသိမ်း စစ်ကောင်စီ၏ ကိုယ်စားလှယ်ကို တက်ရောက်ပြောခွင့် မပေးခြင်းဖြင့် နိုင်ငံတကာအသိအမှတ်ပြုမှုရရန် ကြိုးစားနေသည့် အာဏာသိမ်းစစ်ကောင်စီကို ဟန့်တားရန် အမေရိကန်နှင့် တရုတ်တို့ သဘောတူညီမှုရထားကြောင်း Foreign Policy - နိုင်ငံခြားရေးမူဝါဒမဂ္ဂဇင်းက ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၃) ရက်နေ့တွင် ရေးသားဖေါ်ပြထားသည်။

အမေရိကန်ပြည်ထောင်စု နယူးယော့မြို့တွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၄) ရက်နေ့၌ စတင်အသည့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာအာဏာသိမ်း စစ်ကောင်စီက စေလွှတ်ထားသည့် သံတမန်အနေဖြင့် တက်ရောက်ပြောကြားခွင့် မပေးဘဲထားမည်ဖြစ်ရာ လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီးအဖြစ် ဆက်လက်ရှိနေသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း ညီလာခံတွင် ပြောကြားမည်မဟုတ်ကြောင်း သိရသည်။

အထွေထွေညီလာခံတွင် မြန်မာအတွက် နိုင်ငံကိုယ်စားပြုကိုယ်စားလှယ်ကို စက်တင်ဘာလ (၁၄) ရက်နေ့တွင် (၉) ဦးကော်မတီဖြင့် ရွေးချယ်ဆုံးဖြတ်ပေးရန်ဖြစ်သော်လည်း အဆိုပါအစီအစဉ်ကို ဆိုင်းငံ့ထားရန်နှင့် မြန်မာစစ်အာဏာသိမ်းကောင်စီအနေဖြင့် ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်ရရှိရေး ကြိုးပမ်းမှုအားလုံးကို နိုဝင်ဘာလအထိ ဆိုင်းငံ့ထားရန် သဘောတူညီထားကြခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ သဘောတူညီချက်ကို ဥရောပသမဂ္ဂ (EU)၊ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းမှ အဖွဲ့ဝင်များနှင့် ရုရှားနိုင်ငံတို့ကလည်း အလွတ်သဘော ထောက်ခံ အတည်ပြုသည်ဟု သံတမန်အသိုင်းအဝိုင်းကို ကိုးကား၍ Foreign Policy သတင်းတွင် ဖေါ်ပြထားသည်။

အထွေထွေညီလာခံတွင် နိုင်ငံကိုယ်စားပြုကိုယ်စားလှယ်ကို ရွေးချယ်ခြင်းဆိုင်ရာ သတ်မှတ်ချက်အရ ကိုယ်စားလှယ်အရည်အချင်း စိစစ်ရေးကော်မတီက  ရွေးချယ်ဆုံးဖြတ်ပေးရန်ဖြစ်သော်လည်း ကိုယ်စားလှယ်ဖြစ်ခွင့် အငြင်းပွားမှုများရှိပါက စိစစ်ရေးကော်မတီ၏ဆုံးဖြတ်ချက်ကို အထွေထွေညီလာခံက အတည်ပြုချိန်အထိ လက်ရှိကိုယ်စားလှယ်ကို ဆက်လက် အသိအမှတ်ပြုထားရမည်ဖြစ်သည်။

#TachileikNewsAgency

Source: Foreign Policy