ရုရှားက ယူကရိန်းကို ကျုးကျော်တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် သမိုင်းဝင် မူဝါဒအပြောင်းအလဲနှင့်အတူ ဖင်လန်နိုင်ငံသည် NATO စစ်ရေးမဟာမိတ်အုပ်စု၏ အဖွဲ့ဝင်နိုင်ငံအဖြစ် ဧပြီလ (၄) ရက်နေ့တွင် တရားဝင်ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ဖင်လန်နိုင်ငံကို (၃၁) နိုင်ငံမြောက် NATO အဖွဲ့ဝင်အဖြစ် တရားဝင် အသိအမှတ်ပြု လက်ခံလိုက်မှုအပေါ် တန်ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်မည်ဟု ရုရှားက ခြိမ်းခြောက်သည်။
ဖင်လန်နိုင်ငံ အဖွဲ့ဝင်ဖြစ်လာမှုကြောင့် NATO အုပ်စုနိုင်ငံများနှင့် ရုရှားနိုင်ငံကြား နယ်နမိတ်ထိစပ်မှုမှာ အကြမ်းဖျင်းအားဖြင့် (၂) ဆ ပိုမိုရှည်လျားလာကြောင်းလည်း သိရသည်။
ဖင်လန်ကို NATO အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုလက်ခံသည့် တရားဝင် စာရွက်စာတမ်းများကို NATO ရုံးချုပ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ဖင်လန်နိုင်ငံခြားရေးဝန်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
"ဒီ မဟာမိတ်အဖွဲ့ကြီးက ကျွန်တော်တို့နိုင်ငံတွေကို (၇၅) နှစ်နီးပါး အကာအကွယ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဥရောပမှာ စစ်ပွဲပြန်ဖြစ်လာခဲ့ပြီး ဖင်လန်က NATO ကို ဝင်ဖို့နဲ့ ကမ္ဘာ့အအောင်မြင်ဆုံး မဟာမိတ်အဖွဲ့ဝင်ဖြစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်" NATO အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောသည်။
ဖင်လန်နိုင်ငံ NATO အဖွဲ့ဝင်ဖြစ်လာမည်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က ဆန့်ကျင်ကန့်ကွက်နေခဲ့ကြောင်း၊ ယနေ့တွင် ဖင်လန်က အဖွဲ့ဝင်ဖြစ်လာပြီး မကြာမီ ဆွီဒင်လည်း NATO အဖွဲ့ဝင်နိုင်ငံဖြစ်လာမည်ဟု ၎င်းက ဆိုသည်။
"ဒီနေ့က ဖင်လန်နိုင်ငံအတွက် ကြီးမြတ်တဲ့နေ့ဖြစ်ပြီး NATO အတွက် အရေးပါတဲ့နေ့ တစ်နေ့ပါ" ဟု ဖင်လန်နိုင်ငံသမ္မတ Saul Niinisto က Jens Stoltenberg နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
ရုရှားဘက်ကမူ ဖင်လန်နိုင်ငံ NATO အဖွဲ့ဝင်ဖြစ်သွားမှုအပေါ် တန်ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ဖင်လန်နိုင်ငံ NATO အဖွဲ့ဝင်ဖြစ်လာခြင်းကြောင့် ယူကရိန်းစစ်ပွဲ ပိုမိုပြင်းထန်လာမည့် အလားအလာ ပိုများလာကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က ပြောခဲ့သည်။
Source: Reuters