ကမ္ဘာ့လူဦးရေ အားလုံးနီးပါး ညစ်ညမ်းသည့်လေကို ရှူနေကြကြောင်း WHO ပြောကြား

ကမ္ဘာ့လူဦးရေ အားလုံးနီးပါး ညစ်ညမ်းသည့်လေကို ရှူနေကြကြောင်း WHO ပြောကြား
By Mr John

 ကမ္ဘာပေါ်ရှိ လူဦးရေ ၉၉ ရာခိုင်နှုန်းက ညစ်ညမ်းသည့်အရာများ ပါဝင်နေသည့်လေကို ရှူနေကြကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ဧပြီ (၄) ရက်နေ့က ပြောကြားလိုက်သည်။

လေထုညစ်ညမ်းမှုကြောင့် နှစ်စဥ် သန်းနှင့်ချီသည့် သေဆုံးမှုများဖြစ်စေကြောင်းလည်း WHO က ထောက်ပြခဲ့သည်။

WHO ၏ အချက်အလက် အသစ်အရ ကမ္ဘာ့နေရာတိုင်းတွင် လေထုညစ်ညမ်းမှုကို ရင်ဆိုင်ဖြေရှင်းနေရကြောင်းနှင့် ဆင်းရဲသည့် နိုင်ငံများတွင် ပိုမိုဆိုးရွားကြောင်း သိရသည်။



"ကမ္ဘာ့လူဦးရေ အားလုံးနီးပါး (၉၉ ရာခိုင်နှုန်း) က WHO လေထုအရည်အသွေး ကန့်သတ်ချက်ထက် ကျော်လွန်တဲ့ လေကိုရှူနေကြပြီး ၎င်းတို့၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသည်" ဟု WHO က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောထားသည်။

လွန်ခဲ့သည့် လေးနှစ်က ထုတ်ပြန်ခဲ့သည့် WHO အစီရင်ခံစာတွင်လည်း ကမ္ဘာ့လူဦးရေ ၉၀ ရာခိုင်နှုန်းကျော် လေထုညစ်ညမ်းမှု သက်ရောက်ခံစားရကြောင်း ဖော်ပြခဲ့သည်။



WHO က နိုင်ငံပေါင်း ၁၁၇ ခုရှိ မြို့ကြီးမြို့ငယ် ၆,၀၀၀ ကျော်မှ လေထုအရည်အသွေးဆိုင်ရာ အချက်အလက်များကို လေ့လာခဲ့ကြောင်း သိရသည်။

ယခု လေ့လာတွေ့ရှိချက်များက စိုးရိမ်ဖွယ်ရာဖြစ်ကြောင်းနှင့် ရုပ်ကြွင်းလောင်စာအသုံးပြုမှု အလျင်အမြန် လျှော့ချရန် အရေးကြီးကြောင်း ထင်ရှားစေခဲ့သည်ဟု WHO က ပြောသည်။



Source: AFP