ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဂျပန်အကူအညီ အများစုဖြင့် ပထမဆုံး မြေအောက်ရထားဝန်ဆောင်မှု ဖွင့်လှစ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဂျပန်အကူအညီ အများစုဖြင့် ပထမဆုံး မြေအောက်ရထားဝန်ဆောင်မှု ဖွင့်လှစ်
ဒီဇင်ဘာ 29, 2022 | နိုင်ငံတကာသတင်း
By Mr John

 ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဂျပန်နိုင်ငံ၏ အကူအညီ အများစုဖြင့် ပထမဆုံး မြေအောက်ရထားဝန်ဆောင်မှုကို လူနေထူထပ်သည့် ဒါကာမြို့တော်တွင် ဒီဇင်ဘာလ (၂၈) ရက်နေ့က စတင်လိုက်ကြောင်း သိရသည်။ 

ဘင်္ဂလားဒေ့ရှ်က နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်တွင်းနှင့် ပြည်ပ ရန်ပုံငွေနှစ်ခုလုံးနှင့်အတူ အရှိန်အဟုန်မြှင့် လုပ်ဆောာင်နေသည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာက မကြာသေးမီက အသစ်ခန့်အပ်ထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Kiminori Iwama ၊ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ Japan International Cooperation Agency (JICA) ၏ ကိုယ်စားလှယ် Ichiguchi Tomohide တို့နှင့်အတူ မြေအောက်ရထားဝန်ဆောင်မှုကို အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့သည်။

ဝန်ကြီးချုပ်ဟာစီနာက မြေအောက်ရထားဝန်ဆောင်မှု စတင်သည့် အခမ်းအနားကို ၂၀၁၆ ခုနှစ်က ဒါကာမြို့တွင် ဖြစ်ပွားခဲ့သော အစ္စလာမ်မစ်အစွန်းရောက်များ၏ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် ဂျပန်ရထားလမ်းအင်ဂျင်နီယာ (၆) ဦးကို အမှတ်တရအဖြစ်လည်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

ထိုတိုက်ခိုက်မှုကြောင့် ဓားစာခံ (၂၀) ဦး အပါအဝင် လူ (၂၉) ဦး သေဆုံးခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇွန်လအတွင်းကလည်း Padma မြစ်ကို ဖြတ်ကူးသည့် ကီလိုမီတာ (၆.၅၁) (၄ မိုင်) ရှည်လျားသည့် မြစ်ကူးတံတားတစ်စင်းကို တရုတ်က တည်ဆောက်ပေးခဲ့သည်။ 

ထိုတံတားတည်ဆောက်မှု ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ (၃.၆) ဘီလီယံခန့်ဖြစ်ပြီး ပြည်တွင်းရန်ပုံငွေများဖြင့် အကုန်အကျခံခဲ့ကြေင်း သိရသည်။ 

Padma မြစ်ကူးတံတားမှာ မကြာသေးမီ လများအတွင်း ဝန်ကြီးချုပ်ဟာစီနာ ဖွင့်လှစ်ပေးခဲ့သည့် တံတား (၁၀၀) ကျော်အနက်မှ တစ်စင်းအပါအဝင်လည်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်တွင် အတိုက်အခံများက ဝန်ကြီးချုပ်ဟာစီနာ၏ အစိုးရကို အကြီးစား စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် အဂတိလိုက်စားမှုများရှိကြောင်း မကြာခဏ စွပ်စွဲလေ့ရှိသော်လည်း အစိုးရက ထိုစွပ်စွဲချက်များကို ငြင်းဆိုထားသည်။ 

ကနဦးတွင် အကန့်အသတ်ဖြင့် ဝန်ဆောင်မှုပေးမည့် မြေအောက်ရထားဝန်ဆောင်မှုကို ဒီဇင်ဘာလ (၂၈) ရက်က ဖွင့်လှစ်ခဲ့ပြီး ၂၀၃၀ ခုနှစ်တွင် ဘူတာရုံ (၁၀၀) ကျော်နှင့် ဒါကာမြို့ကို ဖြတ်သန်းသွားမည့် ရထားလမ်း (၆) ခုရှိလာမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

ဒါကာမြို့စွန်နှင့် မြို့လယ်ကို ဆက်သွယ်ထားသည့် မြေအောက်ရထားလမ်းပိုင်းကို JICA ၏ ကူညီထောက်ပံ့ငွေ အများစုနှင့် တည်ဆောက်ခဲ့ပြီး ဒေါ်လာ (၂.၈) ဘီလီယံ ကုန်ကျခဲ့သည်။ 

ထိုရထားလမ်းကြောင်းဖြင့် အပြည့်အဝ ဝန်ဆောင်မှုပေးချိန်တွင် တစ်နာရီလျှင် လူ (၆၀,၀၀၀) ကို သယ်ယူပို့ဆောင်ပေးရန် မျှော်မှန်းထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်မှာ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးမြို့တစ်မြို့ဖြစ်ပြီး မြို့၏လူဦးရေ သန်း (၂၀) ကျော်အတွက် နေ့စဥ်သွားလာရေးတွင် ယာဥ်ကြော ပိတ်ဆို့မှုများနှင့် ရုန်းကန်နေကြရသည်။ 

ဘင်္ဂလားဒေ့ရှ် အင်ဂျင်နီယာနှင့်နည်းပညာတက္ကသိုလ် Bangladesh University of Engineering and Technology ၏ သုတေသနတစ်ခုအရ ယာဥ်ကြောပိတ်ဆို့မှုများကြောင့် ဒါကာမြို့တွင် တစ်နှစ်လျှင် စီးပွားရေးအရ နစ်နာဆုံးရှုံးမှု ဒေါ်လာ (၃) ဘီလီယံခန့်ရှိကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်က ၂၀၂၆ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ World Trade Organization (WTO) ၏ စာရင်း၌ ဖွံ့ဖြိုးမှုအနည်းဆုံးမှ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအဖြစ် တက်လှမ်းလာနိုင်ရန် ကြိုးပမ်းနေပြီး ဂျပန်နှင့်တရုတ် နှစ်နိုင်ငံလုံးမှာ ၎င်း၏ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် အဓိက မိတ်ဖက်နိုင်ငံများ ဖြစ်သည်။

Source: AP

Photo: AP , AFP