အိန္ဒိယနိုင်ငံ အနောက်ဘင်ဂေါပြည်နယ် North 24 Parganas ခရိုင် Barrackpore မြို့မှ သနားကြင်နာစိတ် ကင်းမဲ့သော စုံတွဲတစ်တွဲက iPhone 14 ဝယ်ရန် ၎င်းတို့၏ (၈) လအရွယ် သားဖြစ်သူကို ရောင်းစားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
Jaydev Ghosh နှင့် Sathi ဆိုသော ထိုစုံတွဲက ဈေးကြီးသော ဖုန်းကိုဝယ်ပြီး ဗီဒီယိုအတိုများ ရိုက်ကူးချင်ခဲ့ကြသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
iPhone 14 ဝယ်ရန် ရောင်းစားခဲ့သည့် ကလေးအပြင် ၎င်းတို့ထံတွင် အသက် (၇) နှစ်အရွယ် သမီးတစ်ဦးလည်းရှိကြောင်း သိရသည်။
ရဲတပ်ဖွဲ့က မိခင်ဖြစ်သူနှင့် ကလေးဝယ်ယူခဲ့သော အမျိုးသမီးတို့ကို ဖမ်းဆီးခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ပြောသည်။
ရောင်းစားခံရသည့် နို့စို့အရွယ် ကလေး၏ ဖခင်မှာ ထွက်ပြေးတိမ်းရှောင်နေပြီး ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေသည်ဟု ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၈) ရက်နေ့ Indian Express သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ စုံတွဲ၏ ကလေးမှာ ဇူလိုင်လ (၂၂) ရက်နေ့ကတည်းက ပျောက်ဆုံးနေသော်လည်း ၎င်းတို့က ရဲတပ်ဖွဲ့ထံ လူပျောက်တိုင်ကြားခဲ့ခြင်း မရှိကြောင်း Barrackpore ရဲတပ်ဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။
ထို့နောက် ၎င်းတို့ထံတွင် iPhone အသစ်တစ်လုံးကို တွေ့ရှိရာမှ ဒေသခံများက သံသယဖြစ်လာပြီး ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ကြသည်။
"စစ်ဆေးမေးမြန်းပြီးတဲ့နောက် မိခင်က ပြစ်မှုကို ဝန်ခံခဲ့တယ်။ သူမနဲ့ ခင်ပွန်းဖြစ်သူတို့က ကလေးရောင်းလို့ ရလာတဲ့ငွေနဲ့ iPhone ဝယ်ပြီး ပြည်နယ်အနှံ့ ခရီးထွက်ချင်ခဲ့ကြတယ်လို့ ပြောတယ်။ ဒါမှ Instagram မှာ တင်ဖို့အတွက် ဗီဒီယိုတွေ ဖန်တီးနိုင်မှာလို့ သူမက ထွက်ဆိုခဲ့တယ်" ဟု ရဲအရာရှိက ပြောသည်။
ရဲတပ်ဖွဲ့က North 24 Parganas ခရိုင် Khardah မြို့တွင် နေထိုင်သော ကလေးဝယ်ယူသွားသူ Priyanka Ghosh ဆိုသည့် အမျိုးသမီးထံမှ ကလေးကို ပြန်လည်ရယူနိုင်ခဲ့သည်။
ဖခင်ဖြစ်သူက ကျန်ရှိသည့် အသက် (၇) နှစ်အရွယ် သမီးကိုလည်း ရောင်းစားရန် ကြိုးပမ်းခဲ့သေးပြီး အစီအစဥ် အထမမြောက်ခဲ့ဟု ရဲတပ်ဖွဲ့က ပြောသည်။
Source: Indian Express