ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(မိုင်းတွမ်း)တွင် အချိန်ပိုသင်ကြားခ လစဉ်ကြေးဟုဆိုကာ ထိုင်းဘတ်ငွေ (၇၀)မှ ဘတ်(၁၀၀)အထိ ကျောင်းအုပ်ဆရာမကြီးဆိုသူက ကောက်ခံခိုင်းနေ၍ အဆင်မပြေသည့် ကျောင်းသားမိဘများအတွက် အခက်အခဲများ ဖြစ်နေသည်။
"ကျောင်းအုပ်ဆရာမကြီးက ကျောင်းသားမိဘ အားလုံံးကို ခေါ်ပြီး ကလေးတွေက စာကျက်အားနည်းတယ်။ စာမလိုက်နိုင်ဘူး။ ဒီတော့ အချိန်ပိုသင်ရမယ်။ ခါတိုင်းဆိုရင် ကျောင်းဆင်းချိန်က ညနေ(၃)နာရီ (၁၅)မိနစ်ဆိုတော့ အခု အချိန်ပိုသင်ပေးမှာက (၄၅)မိနစ်ဆိုတော့ ညနေ(၄)နာရီ ထိုးမှ ကျောင်းဆင်းပေးမယ်။ စာသင်ချိန်အတွင်း ဘယ်သူလာခေါ်ခေါ် မဆင်းပေးဘူး။ ကျောင်းတံခါးပိတ်ထားမယ်။ ကလေးတွေလည်း လောင်းကစား မလုပ်မိအောင်၊ ဖုန်းဂိမ်းလည်း မဆော့ရအောင် ကျောင်းဖွင့်ရက်တွေမှာ နေ့တိုင်းသင်ပေးမယ်။ အဲ့ဒီအတွက် အချိန်ပိုသင်ပေးခ KG တန်းကနေ (၄)တန်းအထိက တစ်ဦးကို ကျပ်(၆၀၀၀)၊ ဘတ်ငွေနဲ့ ပေးမယ်ဆိုရင် (၇၀)ဘတ်၊ (၅)တန်းအထက်ကို ဘတ်ငွေ(၁၀၀) လစဉ်ပေးရမယ်။ အခုလိုမျိုး အတန်းတင်စာမေးပွဲပြီးတဲ့အထိ ကောက်ခံသွားမယ်လို့ ပြောပါတယ်။ ပြီးတာနဲ့ မိဘတွေကို သဘောတူကြောင်း လက်မှတ် အတင်းထိုးခိုင်းတယ်"ဟု ကျောင်းသားမိဘများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ကျောင်းသားမိဘတစ်ဦးက Tachileik News Agency သို့ ၂၀၂၂ခုနှစ် နိုဝင်ဘာလ၏ ပထမပတ်အတွင်းက ပြောသည်။
ဆရာ၊ဆရာမများအနေဖြင့် တကယ်လေ့ကျင့်သင်ကြားပေးပါက ကလေးများမှာ စာတတ်ကြမည်ဖြစ်သော်လည်း ငွေကြေးရလိုစိတ်ဖြင့် အချိန်ပိုသတ်မှတ်သည်ဟု ဆိုသည်။
"နောက်ပြီး ကျူရှင်တက်မယ့် သူလည်း တက်လို့ရတယ်လို့ ပြောတယ်။ ကျောင်းသားမိဘတွေအနေနဲ့ အဆင်ပြေတဲ့ မိဘတွေအတွက် ပြောစရာ မဖြစ်ပေမဲ့ အဆင်မပြေတဲ့ မိဘမတွေအတွက်တော့ အခက်အခဲဖြစ်တာပေါ့။ တချို့ မိဘတွေဆိုရင် ကျောင်းသား (၄)ယောက် (၅)ယောက် ရှိတယ်။ အဲ့ဒီအခါကျတော့ တစ်လကို ဘတ်သုံးလေးရာ ကုန်မှာ။ အမှန်ဆိုရင် သတ်မှတ်စာသင်ချိန်အတွင်း ဆရာ၊ဆရာမတွေအနေနဲ့ တကယ်သာ လေ့ကျင့်သင်ကြားပေးရင် အချိန်ပိုဆိုတာ မလိုအပ်ဘူး။"ဟု ၎င်းက ဆက်လက်ပြောပြသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းရှိ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ၊ တာလေ၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းယု၊ ကျိုင်းလပ်တို့အထိ ထိုင်းဘတ်ငွေ၏ အာဏာသက်ရောက်မှု၍ မြန်မာကျပ်ငွေထက် ထိုင်းဘတ်ကို အားထားကာ အသုံးပြုနေကြခြင်းလည်း ဖြစ်သည်။
အဆိုပါ စာသင်ကျောင်းအနီးရှိ ဘုန်းကြီးကျောင်းတွင်လည်း ရံဖန်ရံခါတွင် ဘာသာရေးအကြောင်းပြကာ လောင်းကစားဝိုင်းများ ပြုလုပ်လေ့ရှိပြီး လောင်းကစားဝိုင်းမှ ထွက်ပေါ်လာသော အသံများသည် စာသင်ကျောင်းအထိ ကြားနေရသည်ဟုလည်း ကျောင်းသားမိဘများက ဆိုသည်။
"အထက်လူကြီးတွေကလည်း နယ်မြေအေးချမ်းနေရင်ပြီးရော ဆိုပြီး မျက်စိမှိတ်နေကြတာ"ဟု ဒေသခံ တစ်ဦးက ဆိုသည်။
မိုင်းဆတ်ခရိုင်အတွင်း၌ ဒေသအုပ်ချုပ်ရေးနှင့် ပတ်သက်၍ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများရှိသော်လည်း ၎င်းတို့သည် စစ်တပ်၏ လက်အောက်ကနေသာ လုပ်ဆောင်နေရခြင်း ဖြစ်ပြီး ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၏ စွမ်းဆောင်ချက်များမှာ ဒေသအတွက် ပေါ်လွင်မှုမရှိဟုလည်း ဒေသခံများက ပြောသည်။
နိုင်ငံ့အာဏာသိမ်းပြီးနောက်ပိုင်း ပညာရေးဌာနများနှင့် ပတ်သက်၍ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဦးဆောင်မှု အောက်ကနေ တာဝန်မထမ်းဆောင်လိုသူများက အာဏာဖီဆန်ခြင်းအဖြစ် CDM များ လုပ်ဆောင်သွားကြသော်လည်း ကျန်ရှိ ပညာရေးဝန်ထမ်းများမှာ ဆက်လက် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်ပြီး ဝန်ထမ်းဦးရေ လျော့နည်းသွားသည့် ပညာရေးဌာနတွင် အောက်ခြေက ယခုလို ငွေကြေးတောင်းခံမှုများရှိနေသော်လည်း အာဏာသိမ်းအဖွဲ့က မသိသလို နေနေကြခြင်း လည်းဖြစ်သည်။
#TachileikNewsAgency