ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ခရိုင်ရဲရုံးက အဓိကလမ်းမကြီးကို ညတိုင်းပိတ်နေ၍ ရှောင်ကွင်းသွားနေရသည့် မယ်ခေါင်ရပ်ကွက် တိ/မွေးကုလမ်းမှာလည်း လမ်းကိုကန့်လန့်ဖြတ်ထားသည့် ရေနှုတ်မြောင်းဖုံးပျက်နေသဖြင့် မော်တော်ယာဉ်များ သွားလာရန် အဆင်မပြေဖြစ်နေကြောင်း သိရသည်။
အဆိုပါလမ်းမှာ ပုံမှန်အားဖြင့် အသွားအလာနည်းသော်လည်း အဓိကလမ်းမကြီးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ ခရိုင်ရဲတပ်ဖွဲ့ရုံးက စစ်တပ်အာဏာသိမ်းပြီးကတည်းက ၎င်းတို့ရုံး လုံခြုံရေးအတွက် ညစဉ် ည (၈)နာရီနောက်ပိုင်းတွင် လမ်းမကြီးကို ပိတ်လေ့ရှိသဖြင့် မယ်ခေါင်ရပ်ကွက်လမ်းမှ ပတ်သွားကြရခြင်းဖြစ်သည်ဟု သိရသည်။
"ည(၈) နာရီ ခရိုင်ရဲရုံးက လမ်းပိတ်တော့ ဒီအနောက်လမ်းကပဲ ပါလျှံဘက် ပတ်သွားရတာ။ အဲဒီနား အိမ်စီးကားဆို ဘီးနည်းနည်း စောင်းပြီးသွားမှရတာ မဟုတ်ရင် အောက်ပိုင်းနည်းနည်း ထိတယ်။ ကားတွေသွားရင်အဆင်မပြေလို့ အဲဒီနားရောက်ရင် ခဲတွေကောက်ခုနေတာ။ ပျက်နေတာ (၂) လလောက်ရှိပြီ။ အခုနောက်ပိုင်းက ပိုဆိုးလာတာ။ ကားကြီးတွေကြောင့် မိုးရွာရင် ပိုဆိုးတယ်။ ဆိုင်ကယ်တောင် သွားလို့မရဘူး။ တကယ်တော့ အဲဒီမြောင်းတစ်ခုတည်း မဟုတ်ဘူး။ တစ်လမ်းလုံး စုတ်နေတာ"ဟု တာချီလိတ်ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ (၁၈) ရက်နေ့တွင် ပြောသည်။
ခရိုင်ရဲတပ်ဖွဲ့ရုံးက ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးကို ညတိုင်းပိတ်ထားရာ မယ်ခေါင်ရပ်ကွက် တိ/မွေးကုလမ်းမှ နေ့စဉ်သွားလာသူများလာနေပြီး အဆိုပါလမ်းပိုင်းကို ဖြတ်သွားသည့် ရေနှုတ်မြောင်းဖုံးမှာ သံချောင်းများပျက်စီးနေသည့်အတွက် မော်တော်ယာဉ်များ သွားလာရခက်ခဲနေခြင်းဖြစ်သည်ဟု ရန်အောင်မြေ(ပါလျှံ)ရပ်ကွက်တွင် နေထိုင်သူထံမှ သိရသည်။