တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်းဆရာတော် တည်ထားသည့် စေတီပုထိုး နှင့် ဘုရားရုပ်ပွားဆင်းတုတော်များ ဖျက်ဆီးခံရ

တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်းဆရာတော် တည်ထားသည့် စေတီပုထိုး နှင့် ဘုရားရုပ်ပွားဆင်းတုတော်များ ဖျက်ဆီးခံရ
အောက်တိုဘာ 25, 2024 | မှုခင်းသတင်း| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်အစုအတွင်း ကျေးရွာများတွင် မိုင်းဖုန်းဆရာတော် တည်ထားသည့် စေတီပုထိုးနှင့်ရုပ်ပွားဆင်းတုတော်များ ၂၀၂၄ခုနှစ် အောက်တိုဘာလ၏ စတုတ္ထပတ်အတွင်းက ဖျက်ဆီးခံရကြောင်း သိရသည်။

မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်း ခုတ်ဝကျေးရွာအနီး ပရိယတ္တိစာသင်တိုက်အတွင်း စေတီတော်ရှိ ဘုရားရုပ်ပွားတော် အပါအဝင် ဝမ်ပုံ၊ ဝမ်တုံ၊ ဆီဝန်းထောင်း၊ ဖတ်ဟိနှင့် ပါဆာစသည့် ကျေးရွာများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ စေတီပုထိုး ထီးတော်၊ ရုပ်ပွားဆင်းတုတော်များ ဖျက်ဆီးခံရခြင်း ဖြစ်သည်။

 

"မိုင်းဖုန်းကျေးရွာအုပ်စုထဲက ကျေးရွာတွေမှာရှိတဲ့ မိုင်းဖုန်းဆရာတော် တည်ထားတဲ့ စေတီပုထိုး နဲ့ ရုပ်ပွားဆင်းတုတော်တွေ ဖျက်ဆီးခံရတာကို တွေ့ရတယ်။ ရည်ရွယ်ချက် ရှိရှိ လုပ်တာလား။ ဆေးသမားတွေ လုပ်တာလား ဘယ်သူတွေက လုပ်တာလဲ ဆိုတာတော့ အတိအကျ မသိဘူး။ တစ်နေရာတည်း ဖြစ်တာမဟုတ်ဘဲ အနည်းဆုံး ကျေးရွာ(၆)ရွာလောက်မှာ ဖြစ်တာဆိုတော့ စဉ်းစားစရာပဲ"ဟု မိုင်းဖုန်းဆရာတော်၏ ဝေယျာဝစ္စ တပည့်တကာတစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၂၅)ရက်နေ့တွင် ပြောသည်။

လက်ရှိတွင် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် ဘူတန်နိုင်ငံတွင် သီတင်းသုံးတော်မူနေခြင်းဖြစ်ပြီး ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ကြားသိရသည့်အတွက် ဖျက်ဆီးခံရသည့် စေတီပုထိုးများကို အမြန်ဆုံး ပြန်ပြင်ရန် မိန့်ကြားထားကြောင်း နှင့် ဖျက်ဆီးသူများကိုလည်း ထိရောက်စွာ အရေးယူပေးနိုင်ရန်လည်း သက်ဆိုင်ရာများကို မိန့်ကြားထားသည်ဟု သိရသည်။

မိုင်းဖုန်းဒေသအတွင်း ယခုလို စေတီပုထိုး နှင့်ရုပ်ပွားတော်များ ဖျက်ဆီးခံရသည့် ဖြစ်စဉ် တခါမျှ ဖြစ်ပွားခဲ့ဖူးခြင်း မရှိသော်လည်း ၂၀၀၄ ခုနှစ်ဝန်းကျင်ကနေ ၂၀၁၂ခုနှစ် ဝန်းကျင်အထိ မိုင်းဖုန်းဆရာတော်၏ ပင်ပ ကျောင်းတိုက်ဖြစ်သည့် လွယ်လိန်းကျောင်းတိုက်ကို စစ်အစိုးရက ချိတ်ပိတ်ထားသည့် ကာလတွင်  အဖိုးတန် ရှေ့ဟောင်းရုပ်ပွားဆင်းတုတော်များ အပါအဝင် အသုံးအဆောင် တော်တော်များများ ခိုးခံရသည့်ဖြစ်စဉ် ရှိခဲ့ဖူးကြောင်း သိရသည်။

#TachileikNewsAgency